ဧရာဝတီတိုင်းမ်
(ထန်တလန်) ဇွန် ၂၁ ရက်၊
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ တော်လှန်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့တွင်း နေရာအများစုကို ရွေးတုအစိုးရစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးပြန်လည်ထိန်းချုပ်ထားကြောင်း ရှေ့တန်းစစ်ရေး သတင်းမြစ်ထံမှ သိရှိရသည်။
ထန်လန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ရွေးတုအစိုးရစစ်တပ်သည်ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့မှစ၍ ဟားခါးမြို့မှ စစ်ကော်မရှင် အင်အား ၄၀၀ ခန့်ကို မော်တော်ယာဥ် လေး စီးဖြင့် ထန်တလန်မြို့ကို ပို့ဆောင်ထားခြင်းဖြစ်သည်။
အဆိုပါ စစ်တပ်စစ်ကြောင်းကို ဟားခါး-ထန်တလန် လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သော်လည်း တစ်ပတ်အကြာ ဇွန်လ ၉ ရက်နေ့တွင် ထန်တလန်မြို့တွင်းကို ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

“ဟားခါးမြို့က စစ်ကြောင်းထွက်လာကတည်းက တောက်လျှောက်တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဟားခါး-ထန်တလန် လမ်းပိုင်းမှာ တစ်ပတ်လောက်ကြာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပေမယ့် လေကြောင်း ပစ်ကူမှုကြောင့် စစ်ကြောင်းကိုတော့ မတားဆီးနိုင် ခဲ့ပါဘူး”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထန်တလန်မြို့ကို ရောက်ရှိလာပြီးနောက် စစ်ကောမရှင် စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများကို ဇွန်လ ၁၀ ရက်နေ့မှစ၍ ထိုးစ်ဆင် တိုက်ခိုက်ပြီးနောက် မြို့နေရာအများစုကို ပြန်လည်ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။
“စစ်ကြောင်းတွေ ထန်လလန်ရောက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နေရာတွေကို စတင်ထိုးစစ်ဆင်တယ်။ လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေ၊ ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တယ်။ တော်လှန်ရေးဘက်က နေရာအများစုကို ပြန်လက်လွှတ်လိုက်ရတယ်”ဟု ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှု များသည့်အပြင် အသေခံဒရုန်း ငါးစင်း ကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းနေရာအများစုကို လက်လွတ်ရသော်လည်း ရွေးတုအစိုးရစစ်တပ်ပြန်လည်ဆုတ်ခွာနိုင်ခြင်းမရှိစေရန် ပိတ်ဆို့တိုက်ခိုက်မှုများ ဆက်လက် ဆောင်ရွက်နေ ကြောင်း သိရသည်။
ပုံစာ-ထန်တလန်မြို့မြင်ကွင်း။