ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်

အာဏာသိမ်း၍ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကို အခြေခံပြီး တရားဝင်မှု ရရှိရန်ကြိုးစားနေသည့် အကြမ်းဖက် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရအား အလေးပေး ဆက်ဆံခြင်းဖြင့် တိုင်းပြည်၏ လက်ရှိပြဿနာများ ပြေလည်စေမည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသည်။

အကြမ်းဖက် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရနှင့် ဆက်ဆံဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ စီးပွားရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်များနှင့် စပ်လျဉ်း၍ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဇွန် ၁၈ ရက်တွင် သဘောထား ထုတ်ပြန်ရာ၌ နိုင်ငံတကာကို ထိုကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“(၂၀၂၅) အတုအယောင် ရွေးကောက်ပွဲကိုအခြေခံပြီး တရားဝင်မှုရဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို အလေးပေးဆက်ဆံခြင်းက တိုင်းပြည်ရဲ့ လက်ရှိပြဿနာတွေ ပြေလည်စေရေးအား ဦးတည်ခြင်းမရှိဘဲ ၎င်းတို့ရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ပိုမိုဆိုးရွားစေဖို့ အားပေးသလို ဖြစ်စေပါတယ်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ဆက်စပ်၍ အိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာ မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်းများအနေဖြင့် စစ်ခေါင်းဆောင်နှင့် မိတ်ဖက်သဘောဆောင် ဆက်သွယ်ကူးလူး ဆက်ဆံမှုလုပ်ခြင်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆောင်ရွက်ခြင်း စသည်တို့အပေါ် NUG က သဘောထားများ ထုတ်ပြန်ထားသည်။

၎င်းတို့အနေဖြင့် မြန်မာ့အချုပ်အခြာအာဏာ၊ ဒေသတွင်း တည်ငြိမ်ရေး၊ အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် အပြန်အလှန် လေးစားမှုအပေါ် အခြေခံဆက်ဆံရေးကို အလေးထားပြီး ရေရှည်တည်ငြိမ်ရေးတို့အတွက် လုံခြုံစိတ်ချရရေးသည် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီ တာဝန်ယူမှု၊ တရားဝင်မှုရှိ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာခြင်းအပေါ် မူတည်ဟု ဖော်ပြသည်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြည်သူများ၏ ကိုယ်ပိုင်အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနှင့် ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှု မပြုရေး အခြေခံမူများကို လေးစားလိုက်နာရန် အရေးကြီးကြောင်းကိုလည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထည့်သွင်းထောက်ပြထားသည်။

ယင်းအပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးကို လေးစားမှုနှင့် သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားအား ထည့်သွင်းစဉ်းစားမှုတို့အပေါ် အခြေခံဆောင်ရွက်သင့်ပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ်ချုပ်ဆိုများနှင့် ပတ်သက်၍ လူထုကိုယ်စားပြုမှုများ မပါဝင်ကြောင်း ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် ချုပ်ဆိုသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များမှာ ပြည်သူ့ကိုယ်စားပြုမှု၊ လုံလောက်သည့် အများပြည်သူဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု၊ လွတ်လပ်အဖွဲ့အစည်းများ၏ ကြီးကြပ်စောင့်ကြည့်မှုတို့ ကင်းမဲ့လျက်ရှိရာ ဥပဒေရေးရာ၊ ဘဏ္ဍာရေး၊ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်နိုင်ဟု NUG က ထောက်ပြသည်။

ဓာတ်ပုံ – NUG