ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကနေ တစ်ဆင့် သမ္မတအဖြစ် ဖန်တီးရယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်‌လှိုင်က ဥပဒေအထက်၌ မည်သူမှ ရှိမနေအောင် လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုလာပြန်သည်။

ရွေးတုသမ္မတက တရုတ်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တွင် CCTV သတင်းဌာနနှင့် အင်တာဗျူးတွင် အထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဥပဒေတွေနဲ့အညီပဲ ကျွန်တော်တို့က သွားရမှာပါ။ ဘယ်နိုင်ငံကမှ ဥပဒေကို ကျော်လွန်ပြီးတော့ လုပ်လို့မရပါဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ သွားလုပ်လို့မရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်း ပြင်ဆင်မှုတွေ ကျွန်တော်တို့ လုပ်ရမှာပါ” ဟု ၎င်းက ပြောသည်။

CCTV သတင်းဌာနမှ လက်ရှိမြန်မာ့ငြိမ်းချမ်းရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတက ယင်းကဲ့သို့ ဆိုထားပြီး ၎င်းတို့ မတရားသဖြင့် အာဏာသိမ်းမှုကိုလည်း သဘောထား ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သေးသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ခေါင်းဆောင်သည် ရွေးတုသမ္မတအဖြစ် ရယူထားသည့်တိုင်အောင် စစ်ရေးအပါအဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာကဏ္ဍကိုပါ ဦးဆောင်ချုပ်ကိုင်ထားပြီး ၎င်းအလိုတော်ကျ လူယုံများကို နေရာပေး မြှောက်စားထားသည်။

တစ်ဖက်တွင်လည်း အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ ဖယ်ကြဉ်ခံရမှုမှ အမြန်လွတ်မြောက်ရန်နှင့် တရားဝင်မှုရအောင် သံတမန် ဆက်ဆံရေးများ ထိတွေ့ကြိုးပမ်းနေပြီး ၎င်းသွားရောက်သည့် အိန္ဒိယ၊ တရုတ် ခရီးစဉ်သည်လည်း ထိုအတွက်ဖြစ်သည်။

ယင်းအပြင် ရက် (၁၀၀) စီမံချက် ချမှတ်၍ ငြိမ်းချမ်းရေး အကြောင်းပြကာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(EROs) များကို ဖိတ်ခေါ်နေပြီး PDF များ လက်နက်ချရန် ဝါဒဖြန့်လျက်ရှိသည်။

ဓာတ်ပုံ – MOI