ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်ရောက်ရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်ပြနိုင်ခြင်းဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ ကတိပေးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြောသည်။
ယနေ့ ဇွန် ၁၉ ရက်၌ ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (၈၁) နှစ်ပြည့် မွေးနေ့တွင် NUCC က နိုင်ငံရေးသဘောထား ထုတ်ပြန်ရာ၌ ၎င်းတို့ ပေးအပ်နိုင်သည့် အကောင်းဆုံး ကတိကဝတ်မှာ ထိုအရာဖြစ်ပြီး နွေဦးတော်လှန်ရေးသည် စနစ်ပြောင်းလဲရေးကို ဦးတည်သော စုပေါင်းတော်လှန်ရေးဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်းကို အခြေခံကျကျ ဖြေရှင်းနိုင်ရန်အတွက် စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည် နွေဦးတော်လှန်ရေး၏ အဓိကကျသော ရည်မှန်းချက်ဖြစ်ကြောင်း NUCC က ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ လမ်းညွှန်ချက်များနှင့်အညီ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတမှုတို့ကို အခြေခံသည့် နိုင်ငံရေး အခင်းအကျင်းသစ် ဖော်ဆောင်လျက်ရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ နိုင်/ကျဉ်းများ၊ နွေဦးတော်လှန်ရေးတွင် ပေးဆပ်နေကြသော ရဲဘော်များနှင့် ပြည်သူတစ်ရပ်လုံးအား အလေးအမြတ်ပြုကြောင်း ဖော်ပြထားသည်။
ထို့အပြင် အကြမ်းဖက် စစ်အုပ်စု၏ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်လည်း ကြိုးပမ်းသွားမည်ဟု ထည့်သွင်းထုတ်ပြန်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်