ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဧရာဝတီတိုင်းမ် / ဇွန် ၁၉ ရက်
ယနေ့ ဇွန် ၁၉ ရက်နေ့ဆိုလျှင် မြန်မာပြည်သူလူထု ချစ်ခင်မြတ်နိုးသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်သည် ၈၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သူမ၏ မွေးနေ့တွင် ပြည်တွင်းပြည်ပရှိ သူမကိုချစ်ကြသော မြန်မာပြည်သူအပေါင်းက မြတ်မြတ်နိုးနိုးဖြင့် “မေမေစု ကျန်းမာပါစေ” ဟု ဆုတောင်းမေတ္တာများ ပို့သကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် မိခင်ကြီး ဒေါ်ခင်ကြည်ကို ကျန်းမာရေး ပြုစု စောင့်ရှောက်ရန် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုကာလတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ အာဏာရှင် ဦးနေဝင်း၏ မတရားဖိနှိပ်အုပ်ချုပ်မှုကို လက်သင့်မခံနိုင်သော မြန်မာပြည်သူများက တစ်ခဲနက် ဆန္ဒပြတောင်းဆိုကြသည့် ၁၉၈၈ လူထုအရေးတော်ပုံကြီးနှင့် ကြုံကြိုက်ခဲ့သည်။
တိုင်းပြည်က သူမကို လိုအပ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သွေးပီပီ မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွင်း ခြေစုံပစ်ဝင်ရောက်ကာ ပြည်သူလူထုရှေ့မှ ရပ်တည်ပြီး အကြမ်းမဖက်သည့်နည်းဖြင့် တိုက်ပွဲဝင်ခဲ့သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်၏ အသက်မှာ ၄၃ နှစ် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနှင့် ပြည်သူများကို ရွေးချယ်ခဲ့သည့်အတွက် တစ်ဖက်တွင် သူမ၏ ခင်ပွန်း မိုက်ကယ်အဲရစ်၊ သားကြီး အလက်ဇန္ဒားအဲရစ်၊ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ကို စွန့်လွှတ်ခဲ့ရသည်။ ထိုအချိန်က သားကြီး အလက်ဇန္ဒားသည် အသက် ၁၅ နှစ်သာ ရှိသေးပြီး သားငယ် ကင်မ်အဲရစ်မှာ ၁၁ နှစ်သာ ရှိသေးသည်။
၁၉၉၇ ခုနှစ်တွင် ခင်ပွန်း မိုက်ကယ်အဲရစ်၌ ဆီးကျိတ်ကင်ဆာ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် မိုက်ကယ်အဲရစ်သည် ဇနီးဖြစ်သူနှင့် နောက်ဆုံးအကြိမ် တွေ့ခွင့်ရရန် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ သော်လည်း၊ ဗိုလ်သန်းရွှေ ဦးဆောင်သည့် နအဖ စစ်အစိုးရက ငြင်းပယ်ခဲ့သဖြင့် ပြည်ဝင်ခွင့်မရခဲ့ပေ။
ထို့နောက် မိုက်ကယ်အဲရစ် အသက် (၅၃) နှစ် သည် ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဆီးကျိတ် ကင်ဆာ ရောဂါဖြင့် ဗြိတိန်နိုင်ငံ၌ ကွယ်လွန်ခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ နာရေးသို့ သွားရောက်လိုက သွားနိုင်ကြောင်း စစ်ဗိုလ်ချုပ်များက ခွင့်ပြုခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ရတော့မည်မဟုတ်သည့် အခြေအနေကြောင့် ခင်ပွန်း၏ ဈာပနကိုပင် ဒေါ်အောင်ဆန်းစုကြည် လိုက်လံပို့ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် (နဝတ စစ်ကောင်စီခေါင်းဆောင်) နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (နအဖ စစ်ကောင်စီခေါင်းဆောင်) တို့က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) နေအိမ်၌ နေအိမ်အကျယ်ချုပ်ဖြင့် ၃ ကြိမ် တိုင်တိုင် ထိန်းသိမ်းအကျဉ်းချခဲ့သည်။
ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကာလမှာ ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပြီး အချိန် ၅ နှစ်နှင့် ၁၁ လ ကြာမြင့်ခဲ့သည်။ ဒုတိယအကြိမ်မှာ ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဖြစ်ပြီး အချိန် ၁၉ လ ကြာမြင့်ခဲ့သည်။
၂၀၀၃ ခုနှစ် မေလတွင် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးအသင်းဝင်များနှင့် လူမိုက်များက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အဆိုပါ ဒီပဲယင်းလုပ်ကြံမှုအပြီး ၂၀၀၃ ခုနှစ် မေလမှစတင်ကာ စစ်တပ်က ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲအလွန် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ အချိန်အားဖြင့် ၇ နှစ်နှင့် ၅ လကြာ တတိယအကြိမ် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းချုပ်နှောင်ခဲ့သည်။
ထို့ကြောင့် ပထမဆုံး ထိန်းသိမ်းအကျဉ်းချခံရသည့် ၁၉၈၉ ခုနှစ်မှ နောက်ဆုံး ပြန်လည်လွတ် မြောက်သည့် ၂၀၁၀ ခုနှစ်အထိ ၂၁ နှစ်တာ ကာလအတွင်း အာဏာရှင်စစ်ဗိုလ်ချုပ်များသည် လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှပင်မရှိသော ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်နီးပါး အကျယ်ချုပ်ဖြင့် ထိန်းသိမ်းအကျဉ်းချခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သူများ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး ရည်မှန်းချက်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ၏ တန်ဖိုးရှိလှ သော အချိန် ၁၅ နှစ် နီးပါးကို ခြံအမှတ် ၅၄ နေအိမ်ထဲ၌သာ ကုန်လွန်ဖြတ်သန်းခဲ့ရသည်။
၂၀၁၀ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် NLD ပါတီကို ပြန်လည်ဦးဆောင်ကာ ၂၀၁၁ ခုနှစ်တွင် ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ NLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တစ်ခဲနက် အားပေးထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။
သူမဦးဆောင်သည့် NLD အရပ်သားအစိုးရလက်ထက်တွင် အားနည်းချက်အချို့ ရှိခဲ့သော်လည်း တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှုနှင့် ပြည်သူ့အထောက်အပံ့ ရရှိမှု စသည့် ကဏ္ဍအသီးသီးတွင် သိသာစွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။
အထူးသဖြင့် ပြည်သူလူထုသည် စစ်အစိုးရများနှင့် အာဏာရှင်အရိပ်မိုးသော စစ်ဗိုလ်ချုပ်ဟောင်း များ၏ အရပ်သားတစ်ပိုင်းအစိုးရ၊ ဒီမိုကရေစီ အရပ်သားစစ်စစ်အစိုးရတို့၏ ကွာခြားပုံကို လက်တွေ့သိမြင်ခဲ့ကြသည်။ “ပြည်သူသာလျှင် အာဏာပိုင်၊ ပြည်သူသာလျှင် အဓိက” ဟူသော ဒီမိုကရေစီအခြေခံ သဘောတရားကို ပိုမိုနားလည်လာကြပြီး ဒီမိုကရေစီအခွင့်အရေးများကို လက်တွေ့ခံစားခဲ့ရသည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း NLD ပါတီကိုပင် ပုံအော မဲပေး ခဲ့ကြသည်။
သို့သော် အာဏာလက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်များကို ဥပဒေမဲ့ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲချက် ၁၉ ခုဖြင့် စစ်တပ်လက်အောက်ခံ တရားရုံးများက ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အကြိမ်ကြိမ် လျှော့ပေါ့ခဲ့သဖြင့် ထောင်ဒဏ် ၁၈ နှစ် ခန့်အထိ လျော့ကျခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုက အဆိုပါပြစ်ဒဏ်အတွက် လုံခြုံရေးတင်းကျပ်ထားသော နေပြည်တော်ရှိ နေအိမ်တစ်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး အကျဉ်းချထားဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မွေးနေ့ကို ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ယခုနှစ်အထိ ၆ ကြိမ်တိုင်တိုင် ဖမ်းဆီးချုပ်နှောင်ခံရရင်း တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရသည်။ အာဏာသိမ်းစစ်အုပ်စုက သူမနှင့်ပတ်သက်၍ သတင်းများ ဖုံးဖိထိန်ချန်ထားသည့်အတွက် သားငယ်ဖြစ်သူ ကင်မ်အဲရစ်အပါအဝင် မြန်မာပြည်သူအများအပြားက သူမ သက်ရှိထင်ရှား ရှိသေးလား၊ ကျန်းမာစွာ ရှိနေလားဆိုသည်ကို စိုးရိမ်ပူပန်နေကြသည်။
ထို့ကြောင့်လည်း ယခု ၈၁ နှစ် ပြည့်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းခြင်း နှင့်အတူ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုသည့် “Proof of Life” ကမ်ပိန်းကို ကမ္ဘာတစ်လွှား ဆောင်ရွက်ခဲ့ကြသည်။
ယခုအချိန်တွင် သူမကို ချစ်ခင်မြတ်နိုးသော မြန်မာပြည်သူ သန်းပေါင်းများစွာ၏ တစ်ခုတည်းသော ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် ပြန်လည်လွတ်မြောက်ရေး ဖြစ်သည်။
ပြည်သူကို သတ်ဖြတ်၊ အကြမ်းဖက်နေသည့် အာဏာသိမ်းစစ်အုပ်စုကမူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တန်ဖိုးရှိလှသော လူ့သက်တမ်းဘဝ အချိန်များကို အကျိုးမဲ့ ပြုန်းတီးစေရန် ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်သည်။ မည်သည့်အချိန်အထိ ဆက်လက်ချုပ်နှောင်ထားမည်ကို မည်သူမျှ မပြောနိုင်သည့် အခြေအနေတွင် ရှိနေသည်။
(ဆလိုင်းသန့်စင်သည် ဧရာဝတီတိုင်းမ်သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။)