‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၉ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းနှင့် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွေးတုအစိုးရစစ်တပ်က တပ်ဖြန့် နေရာယူမှုများပြုလုပ်ပြီးနောက် လက်နက်ကြီးစခန်းများပါ အခြေချလာပြီဖြစ်ကြောင်း သိရသည်။

‎သာပေါင်းမြို့နယ် ဘုရားကြီးရွာ ဘုရားကုန်းတော်ပေါ်တွင် ကတုတ်ကျင်းများ တူးထားပြီး၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လက်နက်နှင့် ရိက္ခာများကို ပြီးခဲ့သည့် ရက်ပိုင်းမှစကာ စုဆောင်းထားရှိလိုက်ပြီဖြစ်သည်။

‎ထို့အပြင် ရွာအထက် သစ်ချဆိပ်ကမ်းရှိ သင်္ဘောပေါ်တွင်လည်း လက်နက်ကြီးများကို အဆင်သင့်ပြင်ထားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

‎‌ရေကြည်မြို့နယ်ရှိ ကမ္ဘားကြီးရွာ ဘုန်းကြီးကျောင်းတွင် လက်နက်နှင့် ရိက္ခာများကို ယာယီသိုလှောင်ထားရှိပြီး၊ သီဟိုဠ်ခြံရှိ မြေကွက်လပ်တွင် လက်နက်ကြီးများကို ဆင်ထားကြောင်း တွေ့ရှိရသည်။အဆိုပါ ကမ္ဘားကြီးရွာသည် စစ်တပ် စစ်ကြောင်းများဖြန့်နေသည့် ဝါးယားကွင်းအနီးတွင်ရှိသည်။

‎”ကမ္ဘားကြီးရွာမှာ လက်နက်ကြီးခန်းအခြေချနေပြီ။ သွပ် ၅၀တင်ပို့ထားတာတွေ့တယ်။ ရိက္ခာနဲ့ ခဲယမ်းလည်း စုပုံပို့ထားရတယ်” ဟု သာပေါင်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ကျေးရွာများအတွင်းရှိ လူ၊ ရိက္ခာ၊ ဆိုင်ကယ်နှင့် စက်လှေများကို စစ်တပ်က စစ်ဆေး စု‌ဆောင်းနေပြီး၊ လတ်တလောတွင် အခကြေးငွေ မပေးဘဲ စက်သုံးဆီကို ကိုယ်တိုင်ထည့်၍ စစ်တပ်အတွက် ရိက္ခာ၊ ခဲယမ်းသယ်ရန် လိုက်ပါပေးနေရသည့် အခြေအနေ ဖြစ်သည်။

‎ပြီးခဲ့သည့် ဇွန် ၁၇ရက်နေ့က ဝါးယားရွာတွင် မြို့နယ်ရဲများ လာရောက်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက်၊ တင်ဆိပ်မှ အထက်ပိုင်းသို့ ဒေသခံများ မသွားကြရန် ပိတ်ပင်တားမြစ်ထားသည်။