ဟင်္သာတမြို့ စစ်ကောင်စီ ခလရ ၁၈တပ် စစ်ဆေးရေးဂိတ် သေနတ်နဲ့ပစ်ခတ်ခံရ၊ လိုက်လံဖမ်းဆီးခဲ့ပေမယ့် သေနတ်သမားများ ထွက်ပြေးလွတ်မြောက်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့အထွက်က စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၁၈) စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက အမည်မသိသေနတ်သမားများက သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ထွက်ပြေးသွားချိန်မှာ စစ်ကောင်စီတပ်သားတွေက နောက်ကနေလိုက်လံဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ကားက ခလရ(၁၈)ဂိတ်ကို ဖြတ်နေတုန်း ကားနောက်ကပါလာတဲ့ ဆိုင်ကယ်ကနေ ဂိတ်ကိုပစ်တာပါ။ ပစ်ပြီးတော့ အုပ်ချုပ်ရေးမှူးကားကို ကျော်တက်ပြီးမောင်းပြေးသွားကြတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ စစ်ဆေးရေးဂိတ်ထဲက စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရှိသူရှိ၊ မရှိကိုမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အုပ်ချုပ်ရေးမှုးကားနောက်ကနေ ခုလိုဆိုင်ကယ်နဲ့လိုက်ပါလာပြီးပစ်ခတ်မှုဖြစ်တဲ့အတွက် ခလရ(၁၈)တပ်က အုပ်ချုပ်ရေးမှူးရုံးကို ဖြစ်စဥ်ကိုမသိရှိဘူးလားလို့ ဖုန်းဆက်မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သတ်ပြီး ဟင်္သာတခရိုင်အတွင်းက တော်လှန်ရေးအဖွဲ့တွေကနေ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပဲ လက်ရှိမှာဟင်္သာမြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်များနဲ့ ရဲများ ထပ်တိုးချထားကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်တွေအရ သိရပါတယ်။
#ဟင်္သာတ #စစ်ကောင်စီ #ခလရ၁၈ #စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ
#Ayeyarwaddy_Times