ဒေးဒရဲမြို့ စည်ပင်ရုံးနဲ့ အမှတ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဗုံးပေါက်ကွဲ၊ ရုံးစာရေးတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရ

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(ဒေးဒရဲ)၊စက်တင်ဘာလ ၁၄ ရက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့၊ စည်ပင်ရုံးနဲ့ အမှတ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မနေ့က တစ်ရက်တည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေးဒရဲမြို့ စည်ပင်ရုံးမှာ မနေ့က မနက် ၅ နာရီခွဲအချိန်နဲ့ အမှတ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ည ၇ နာရီအချိန်တွေမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ဗုံးပေါက်ကွဲတာ အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှာဖြစ်တာပါ။ နံနက်၅နာရီမှာ တစ်လုံး ည ၇ နာရီမှာတလုံးကွဲတာ။ အမှတ် (၂) ရပ်ကွက် ကမ်းနားလမ်းက အုပ်ချုပ်ရေးမှုးရုံး အဝင်အဝမှာ ပေါက်ကွဲတာ။အသံကတော့ အကျယ်ကြီးပဲဗျ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံး အဝင်ပေါက် ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီလက်အောက်ခံ ရရက စာရေးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေးဒရဲမြို့နယ်(ပ.က.ဖ)နဲ့ နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ရှာဖွေတာတွေလုပ်​ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်

#ဒေးဒရဲ #ဗုံးပေါက်ကွဲ #စည်ပင်ရုံး #အမှတ်(၂)ရပ်ကွက်ရုံး

#Ayeyarwaddy_Times