ဧရာဝတီတိုင်းမ်
(ရေး)၊ ဇွန် ၁၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် ယမန်နေ့ ဇွန် ၁၈ ရက်နေ့က နိပွန်ဖောင်ဒေးရှင်း အကူအညီဖြင့် ဆောက်လုပ်ထားသည့်နေအိမ်များကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ် ခြောက် လုံး ပျက်စီးခဲ့ရပြီး အနည်းကျဉ်းထိခိုက်ခဲ့သည့် စာသင်ကျောင်းတစ်ဆောင်နှင့် နေအိမ်အများပြားရှိကြောင်း သိရသည်။

ယခုကာလတွင် ရွေးတုအစိုရစစ်တပ်သည် ရေးချောင်းဖျားဒေသတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော်လည်း ကျေးရွာများကိုပစ်မှတ်ထားကာ ဗုံးကြဲမှုများပြုလုပ်နေသည့်အတွက် သတိဖြင့်နေထိုင်သွားလာနေထိုင် ခြင်းကြောင့် ဒေသခံများအနေဖြင့် ထိခိုက်မှုမရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်တပ်က ခေါင်းစဉ်တပ်တာကတော့ PDF တွေရှိလို့ဆိုတဲ့ခေါင်းစဉ်နဲ့လုပ်တာပါ။ တကယ်လုပ် သွားတာကတော့ ပြည်သူကိုလုပ်တာပေါ့။ သူတို့ကဒီဘက်မှာ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရန်တိုက်သွေးခွဲသပ်လျှိုသွားတဲ့ဗျူဟာတခုအနေနဲ့ အသုံးပြုသွားတဲ့ အနေအထားရှိတယ်” ဟု တနင်္သာရီတိုင်းစစ်ဌာန၊ ဗျူဟာ-၃၃ ဗျူဟာမှူး ရဲဘော်စောဒါးကိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဆိုပါအိမ်ရာများမှာ တော်လှန်ရေးတပ်ဖွဲ့များက စခန်းချ ထားခြင်းမရှိပဲ ဒေသခံများသာနေထိုင်ခြင်းဖြစ်ပြီး စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၀၀၀ ကျော်မှာ စစ်ဘေးရှောင်တိမ်းနေရပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် ပြီးခဲ့သည့် မေ ၂၇ ရက်နေ့ကလည်း ရေးချောင်းဖျားဒေသတစ်နေရာရှိ ရေးဘီလူး တပ်ဖွဲ့စခန်းကို ဗုံးကြဲခဲ့ရာ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဇွန်လ ၃ ရက်နေ့တွင်လည်း ရေးချောင်းဖျားရှိ ကျေးရွာတစ်ရွာကို ဗုံးကြဲခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး သေဆုံး ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်