ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့ တိုးချဲ့အသုံးပြုရန်အတွက် မြေနှင့် အဆောက် အအုံများ ထပ်မံဝယ်ယူခွင့်ပြုရန် အာဏာသိမ်းစစ်အုပ်စု၏ ရွေးတုအစိုးရဘက်က တောင်းဆိုချက်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ (Lalida Pherdsriwattana) က ပြောကြားသည်။
နှစ်နိုင်ငံ သံတမန်ရေးရာ မြေပိုင်ဆိုင်မှုသမိုင်းကြောင်းအရ ထိုင်းနိုင်ငံသည် ရန်ကုန်မြို့၌ ထိုင်းသံရုံးနှင့် သံအမတ်ကြီးနေအိမ်အဖြစ် အသုံးပြုရန် စတုရန်းမီတာ ၁၄,၁၀၅ ခန့်ရှိသည့် မြေနှင့် အဆောက်အအုံကို ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံဘက်ကလည်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ဆက်စပ်အဆောက် အအုံများအတွက် စတုရန်းမီတာ ၁၆,၆၀၀ ခန့်ရှိသည့် မြေနှင့် အဆောက်အအုံကို လွန်ခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက အပြန်အလှန် သဘောတူညီချက်ဖြင့် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ယခုအခါ အာဏာသိမ်းစစ်အုပ်စု၏ ရွေးတုအစိုးရဘက်မှ ထိုင်းနိုင်ငံအတွင်း၌ စတုရန်းမီတာ ၃,၃၀၆.၈ ရှိသည့် မြေနှင့် အဆောက်အအုံများကို ထပ်မံဝယ်ယူခွင့်ရရှိရန် တောင်းဆိုလာခြင်း ဖြစ်သည်။
ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးကို တိုးချဲ့ရန်၊ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ နေထိုင်မည့် အိမ်ခြံမြေများအတွက်လည်းကောင်း၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိများ၏ ရုံးခန်းနှင့် နေအိမ်အဖြစ် အသုံးပြုရန်အတွက် အဆိုပါ မြေကို ထပ်မံဝယ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရအဖွဲ့၏ ယခုအတည်ပြုချက်သည် အရှည်လျားဆုံး နယ်စပ်ချင်း ထိစပ်နေသည့် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးသည့် ဆက်ဆံရေးကို ပြန်လည်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။
ယခုအစီအစဉ်ကြောင့် နှစ်နိုင်ငံ သံတမန်ရေးရာလုပ်ငန်းများကို ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်ပြီး အလုပ်သမားရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကိုးကား – Khaosod English