ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ယူကရိန်းနိုင်ငံအတွက် စစ်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုအဖြစ် နယ်သာလန်နိုင်ငံက နောက်ထပ် ယူရို သန်း ၅၀၀ ထပ်မံအသုံးပြုမှာဖြစ်ပြီး အဲဒီငွေရဲ့ ထက်ဝက်ကို နယ်သာလန် ကာကွယ်ရေးလုပ်ငန်းက ထုတ်လုပ်တဲ့ ဒရုန်းတွေအတွက် အသုံးပြုသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒီလန်ယာဆီဂိုးစ်က ပြော ကြားလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ဆီ လာရောက်လည်ပတ်တဲ့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး မီခါ အီလိုဖက်ဒိုရော့ဗ်ရဲ့ ခရီးစဉ်အတွင်းမှာ ယာဆီဂိုးစ်က အခုလို ထောက်ပံ့ကူညီမယ့် အစီအစဉ်ကို ကြေညာ ခဲ့တာပါ။

ရန်ပုံငွေရဲ့ ထက်ဝက်ဖြစ်တဲ့ ယူရို ၂၅၀ သန်းကို နယ်သာလန် ဒရုန်းထုတ်လုပ်သူတွေဆီကနေ ဒ ရုန်းတွေဝယ်ယူဖို့ အသုံးပြုမှာဖြစ်ပြီး ကျန်တဲ့ငွေတွေကိုတော့ ပက်ထရီယော့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေနဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေအပါအဝင် အမေရိကန်ထုတ် လက်နက်တွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အခုအသုံးပြုမယ့် ငွေကြေးတွေဟာ ယူကရိန်းကို စစ်ရေးအရ ကူညီဖို့အတွက် သီးသန့်ဖယ်ထားပြီး သား ရန်ပုံငွေတွေထဲကနေလာတာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံနဲ့ ၁၀ နှစ်သက်တမ်းရှိတဲ့ လုံခြုံရေးဆိုင်ရာ သ ဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက လက်ရှိအချိန်ထိ ယူရို ၁၂ ဘီလီယံလောက်အထိ ထောက်ပံ့ကူညီပေးထားခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေထဲမှာ ဒရုန်းတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာနေတာ ဖြစ်ပြီး အခု ဆိုရင် မောင်းသူမဲ့ လေယာဉ်တွေတင်မကဘဲ မောင်းသူမဲ့ ကြည်းတပ်သုံးယာဉ်တွေနဲ့ ရေတပ်သုံးယာဉ် တွေအထိပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နယ်သာလန်နိုင်ငံက ယူကရိန်းရဲ့ ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ယူရို သန်း ၅၀၀ လောက် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သလို ပြီးခဲ့တဲ့ ဧပြီလမှာ ယူရို ၂၄၈ သန်းတန်ဖိုးရှိတဲ့ ထောက်ပံ့မှုအစီအစဉ်နဲ့အတူ နှစ်နိုင်ငံကြား ဒရုန်းထုတ်လုပ်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကိုးကား – Dutch News
Ref; Netherlands to spend another €500m on military aid for Ukraine