ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဇွန် ၁၈ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာသည့် ရွေးတုအစိုးရလက်အောက်ခံတပ်ဖွဲ့များကို ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ခြောက်ဦးအထိရှိခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းနှင့် မျှော်တော်တောင်ဘုရားကုန်းပေါ်မှ ကင်းပတ်ထွက်လာသော စစ်တပ်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ နာရီဝက်ဝန်းကျင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေ့တွင်ပင် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အောင်ရတနာအုပ်စု၊ ညောင်လှကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကူအမြောက်အများ ရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်မှ ဒရုန်းများဖြင့် ညောင်လှကျေးရွာအတွင်းရှိ ဒေသခံများနေထိုင်ရာသို့ပါကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဉီးအေး(၆၀နှစ်)၊ ဉီးစိုးကြီး(၇၅နှစ်)၊ ဒေါ်မထွေး(၅၈နှစ်) တို့သေဆုံးခဲ့ပြီး ဒေါ်မြ (၅၂နှစ်)နှင့် မစုစုစမ်း(၈နှစ်) သားအမိနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး၏ပြောပြချက်အရ သိရသည်။

ထို့ပြင် ယမန်နေ့ ၁၇ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ကျေးရွာမှ ဒေသခံ နှစ်ဦး နှင့် ကျောက်စွယ်ကျေးရွာမှ ဒေသခံ နှစ်ဦး ကိုလဲ စစ်တပ်က ဖမ်း‌ဆီးရိုက်နှက်ကာ နှိပ်စက်မှုများပြုလုပ်နေကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂၂) ဗျူဟာ၊ သာယာဝတီခရိုင်တပ်ရင်း(၁) နှင့် တပ်ခွဲ(၂) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် စစ်တပ်တပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် စစ်အုပ်စုအနီးအနားတွင် နေထိုင်ခြင်းမပြုရန်လည်း သတိပေးထားသည်။

ဓာတ်ပုံ – အင်တာနက်