ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို ခဲယမ်းနှင့် စစ်ကူပို့သည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများနှင့် AAပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
နတ်ရေကန် လမ်းဟောင်းပဇီနှင့် လမ်းသစ် ဂုတ်ကြီးတို့တွင် ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က ယမန်နေ့ ဇွန် ၁၇ ရက်တွင် လေယာဉ်များ အုပ်ဖွဲ့ပျံသန်းပြီး လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”တက်လာတဲ့ စစ်ကြောင်းရော အဲ့ဒီ့ဘက်က ကာကင်းတွေကိုလည်း AAကတိုက်လို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂျက်ဖိုက်တာ ငါးစင်း၊ Y12တစ်စင်းတို့ဖြင့် နတ်ရေကန်ဗျူဟာအနီးနှင့် ပဇီ၊ ဂုတ်ကြီး တဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မစခ ၉၀၅နှင့် အခြားအမြောက်တပ် နှစ်ခုမှလက်နက်ကြီးပစ်ကူများပါ ပေးခဲ့ရသည်။
ပြီးခဲ့သည့် ဇွန် ၁၃ရက်နေ့တွင် စစ်တပ်၏ ခဲယမ်း၊ ရိက္ခာနှင့် စစ်ကူများပါသည့် စစ်ကား ခုနှစ်စီးပါ ယာဉ်တန်းသည် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်း ဝင်ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်း နတ်ရေကန်ဗျူဟာဘက်ထွက်ခွါသွားကြောင်း သိရသည်။
ပဒါန်းတပ်နယ်အတွင်း စကခ ၁၇ မိုင်းပန်တပ်များအပြင် ရုံးစိုက်ရာနယ်မြေပျောက်ခဲ့သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လက်အောက်ခံတပ်များပါ ရောက်ရှိနေပြီး၊ အဓိကအားဖြင့် စစ်တွေနှင့် ကျောက်ဖြူမှ တပ်ပျက်အစုအဝေးများပါ ပို့ဆောင်ခံထားရသည်။
လက်ရှိတွင် မကွေးတိုင်းအတွင်း စစ်မျက်နှာ ကျယ်ပြန့်လာပြီး စစ်တပ်က မကွေးအစပ် ချင်းနှင့် ရခိုင်ကို နယ်မြေ စိုးမိုးမှုရယူလိုနေပြီး အင်အားထောင်နှင့်ချီ၍ စစ်ကူပို့ စစ်ကြောင်းများတပ်ဖြန့်နေခြင်းဖြစ်သည်။