နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

အာဏာသိမ်းမှုကို ထောက်ခံကူညီနေသည့် တရုတ်အစိုးရ ဖိအားများကြောင့် ၎င်းတို့နှင့် နီးစပ်ဆက်နွယ်မှုရှိပြီး တိုက်ပွဲမဖြစ်သည့် မြောက်ပိုင်းညီနောင်အဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းပြ တရားဝင်မှုရအောင် ကြိုးပမ်းနေသည့် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရတို့ တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် ဇွန် ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ထံ သွားရောက်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် သွားရောက်မည်ဆိုသော ရွေးတုအစိုးရ၏ NSPNC ခရီးစဉ်နှင့် ပတ်သက်၍ စတင်တွေ့ဆုံရန်ရှိသည့် UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းထံ ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ UWSA နှင့် NDAA-မိုင်းလားတပ်တို့သည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးထားသော တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြောက်ပိုင်းညီနောင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

ယင်း FPNCC ကို UWSA က ဦးဆောင်၍ NDAA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပါဝင်သည်။

ထိုအဖွဲ့များထဲ MNDAA၊ TNLA၊ AA ၊ KIA တို့သည် ၁၀၂၇ စစ်ဆင်ရေးနှင့် ခုခံတော်လှန်မှုများ ဆင်နွှဲဖော်ဆောင်သဖြင့် ရွေးတုအစိုးရတပ် အထိနာစစ်ရှုံးစေကာ UWSA၊ NDAA ၊ SSPP တို့မှာမူ ယင်းအထဲ တရားဝင် မပါဝင်သော်လည်း ညီနောင်များနည်းတူ တရုတ်အစိုးရ၏ ဖိအားပေး ခံနေရကြောင်း သိရသည်။

“အဲဖိအားကို ဘယ်လောက်အထိ လက်ခံဖို့၊ ငြင်းဆန်နိုင်ဖို့ အခြေအနေရှိလဲ ဆိုတဲ့ဟာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆီမှာ သူတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်၊ စုဖွဲ့မှုပုံစံ၊ မဟာမိတ် ပေါင်းစပ်မှု အဲဒါတွေအပေါ် မူတည်ပြီး ကွာဟချက်ရှိနိုင်တယ်” ဟု နိုင်ငံရေးအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် လက်ရှိအခြေအနေအရ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သော အစုအဖွဲ့များ၊ တရုတ်အစိုးရနှင့် ထိစပ်နေရာရှိ အစုအဖွဲ့များအနေဖြင့် တွန်းအားပေးမှု၊ ဖြစ်လာသည့် နိုင်ငံရေးအခြေအနေကြားထဲ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ စိတ်ကြိုက်ဆုံးဖြတ်၍ရ အစုအဖွဲ့များ မဟုတ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ရွေးတုအစိုးရအဖြစ် ပုံဖမ်းရယူပြီးနောက် ရက် (၁၀၀) စီမံချက် ချမှတ်ကာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေသော စစ်အုပ်စုသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမှုရှိ အပစ်ရပ်အဖွဲ့တချို့ကို နေပြည်တော်တွင် တွေ့ဆုံပြနေသလို မြောက်ပိုင်းညီနောင်အဖွဲ့များထံသို့ သွားရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုမတိုင်မီ ပြီးခဲ့သည့် ဇွန် ၁၂ ရက်ကလည်း မြောက်ပိုင်းညီနောင်အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ခေါင်းဆောင်များကို နေပြည်တော်သို့ ရွေးတုအစိုးရ၏ NSPNC က ဖိတ်ခေါ်၍ တိုက်ပွဲမဖြစ်ရေး၊ ကျားဖြန့်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းမှုကြောင့် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ဖယ်ကြဉ်ခံဘဝမှ လွတ်မြောက်အောင်နှင့် ၎င်းတို့ကို ထောက်ခံကူညီနေသည့် နိုင်ငံတချို့၏ စီမံကိန်းများ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းမှုအနေဖြင့် ယခုကဲ့သို့ ရွေးတုအစိုးရ လုပ်နေခြင်းဖြစ်ဟု အကဲခတ်များက ဆိုထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်