ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

အမျိုးသားစာပေဆု ငါးဆုအထိ ဆွတ်ခူးရရှိခဲ့သည့် နာမည်ကျော် ဘာသာပြန်နှင့် ပင်ကိုရေး စာရေးဆရာကြီး တင်မောင်မြင့် အသက် (၉၀) နှစ် သည် ယနေ့ ဇွန် ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

စာရေးဆရာတင်မောင်မြင့်သည် မူလက ငွေစာရင်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း စာပေလောကထဲသို့ အပြည့်အဝ ဝင်ရောက်လာခဲ့သူဖြစ်ကာ ကွယ်လွန်ချိန်အထိ ထင်ရှားကျော်ကြား သည့် ဘာသာပြန်စာအုပ်ပေါင်း ၁၀၀ နီးပါးကို ပြန်ဆိုရေးသားခဲ့သူ ဖြစ်သည်။

ဆရာကြီး၏ ဘာသာပြန်လက်ရာများထဲတွင် ကမ္ဘာကျော်စာအုပ်များဖြစ်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်၊ တောင်ပံမဲ့သင်းကွဲတေးဆိုငှက်၊ မိစ္ဆာဝင်္ကပါ နှင့် သမ္မန်စာ စသည့် စာအုပ်များမှာ စာဖတ်ပရိသတ် အကြား အထူးထင်ရှားကျော်ကြားလှပြီး ဆရာကြီးကိုယ်တိုင် ရေးသားသည့် ပင်ကိုရေးစာပေလက်ရာ များနှင့် ဆောင်းပါးများစွာလည်း လူကြိုက်များခဲ့သည်။

စာပေဖြတ်သန်းမှုအနေဖြင့် ၁၉၈၅ ခုနှစ်တွင် မဂ္ဂဇင်းအချို့၌ အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်းတွင် ဒုတိယအယ်ဒီတာချုပ် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ကာ စာပေတာဝန်များကို ဆောင်ရွက်ခဲ့ဖူးသည်။

ဆရာကြီး တင်မောင်မြင့်သည် ၎င်း၏ ပြောင်မြောက်လှသည့် စာပေလက်ရာများကြောင့် အမျိုးသားစာပေဆု ဘာသာပြန် (သုတ) ဆုကို ၂၀၀၁ ခုနှစ် (မဒမ်ကျူရီ စာအုပ်) တွင်လည်းကောင်း၊ ဘာသာပြန် (ရသ) ဆုများကို ၂၀၀၄ ခုနှစ် (တောင်ပံမဲ့ သင်းကွဲတေးဆိုငှက်)၊ ၂၀၀၇ ခုနှစ် (အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ)၊ ၂၀၁၁ ခုနှစ် (မျှော်) နှင့် ၂၀၁၂ ခုနှစ် (ပြစ်မှုနှင့်ပြစ်ဒဏ်) တို့တွင်လည်းကောင်း စုစုပေါင်း ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်တွင်လည်း “တသက်တာအမျိုးသားစာပေဆု” ကို ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဆရာကြီး တင်မောင်မြင့်၏ ရုပ်ကလာပ်ကို လာမည့် ဇွန် ၂၀ ရက် (စနေနေ့) တွင် ရန်ကုန်မြို့ရှိ ရေဝေး သုသာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

ဓာတ်ပုံ – ကံ့ကော်ဝတ်ရည်