ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
တရုတ်ပြည်သူသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပြီးခဲ့သည် ဇွန် ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့် မြတ်ရေးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီး (ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများ အားလုံး) ကို ထောက်ခံကြောင်း တရုတ်သမ္မတက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို ထောက်ခံသွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ အခြေခံအကျိုးစီးပွားကို ဖြည့်ဆည်းပေးရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖော်ဆောင်နိုင်ရန် ထောက်ခံကြောင်း ရှီကျင့်ဖျင်က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ် စောင့်ရှောက်ပြီးဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး ညှိနှိုင်းဆောင်ရွက်ရာတွင် ရွေးတုသမ္မတမင်းအောင်လှိုင် ၏ ရွေးတုအစိုးရကိုလည်း ထောက်ခံကြောင်းလည်း တရုတ်သမ္မတက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အမျိုးသားအခြေအနေနဲ့ ကိုက်ညီပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိတဲ့ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကျွန်တော်တို့ ထောက်ခံပါတယ်”ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အပြန်အလှန်အားဖြင့် ရွေးတုသမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံ၏ ရေရှည်ကိုယ်ကျိုးမငဲ့သော ထောက်ခံမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ၎င်းတို့ တာဝန် ယူထားသည့် ကာလအတွင်း နိုင်ငံရေးစာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေး သက်ဆိုင်သူများအားလုံး ပါဝင်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က သံတမန်ရေးရာအရ ခုခံပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ် ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ရွေးတုအစိုးရအဖွဲ့၏ တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က ရွေးတုအစိုးရ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အချို့ အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။
ရွေးတုအစိုးရ၏ NSPNC နှင့် တွေ့ဆုံခဲ့သည့် EAOs အဖွဲ့တွင် လက်ရှိ အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိပေ။
ဓာတ်ပုံ – တရုတ်သံရုံး