ဧရာဝတီတိုင်းမ်
ဇွန် ၁၈ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းရွာကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲချ တိုက်ခိုက်သည့် အတွက် ပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၁၅ရက် ညပိုင်းအချိန်တွင် ရမ္မာကျွန်းရွာကို ပေါင် ၅၀၀ ဗုံးသီးများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ နှစ်ဦးမှာ ဗုံးစထိမှန်၍ နေရာတွင်ပင်သေဆုံးပြီး ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၁၄ရက်နေ့ ညသန်းခေါင်ယံအချိန် ကလည်း ကျောက်ချွန်ကျေးရွာကို ဂျက်ဖိုက်တာများဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။
”သာပေါင်းမြို့နယ် ငဝန်မြစ်တစ်ဘက်ကမ်းက စစ်ကြောင်းတွေအထိနာနေတာကြောင့် နောက်ပိုင်း နယ်မြေ တွေအထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေရခြင်း ဖြစ်ပါလိမ့်မယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျောက်ချွန်ကျေးရွာသည် ဂွမြို့နယ်တောင်ဘက်အစွန်းဆုံးတွင်ရှိပြီး ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ သာပေါင်းမြို့နယ် မကျီးဇင်နှင့်ကပ်လျက်ရှိနေသည်။ စစ်တပ်က တပ်ဖြန့်နေရာယူနေသည့် ဒေသများနှင့် စစ်ကြောင်းများမှာ သာပေါင်းတွင် အာရက္ခတပ်တော် (AA) နှင့်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေပြီး အထိနာလျက်ရှိသည်။
ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့ကလည်း ကျိန္တလီမြို့အနီး တောင်ပေါ်ဒေသများကို စစ်တပ်၏ စစ်သင်္ဘော များမှနေ၍ လက်နက် ကြီး ၁၀လုံးခန့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-APM
ပုံစာ- ဗုံးကြဲခံရသည့် ကျောက်ချွန်ရွာ