‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၇ရက်

‎ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ နေရာ ခြောက်ခုကို ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာ ငါးစင်း ခန့်ဖြင့် အုပ်ဖွဲ့ပြီး ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦးကျော် သေဆုံးကြောင်း သိရသည်။

ကျောက်တော်မြို့ ရွာမရပ်ကွက်အတွင်း နှစ်နေရာ၊ ကစ္ဆပနဒီတံတားအောက်၊ ကမ်းနားလမ်း၊ ကျောက်တော်တောင်ခြေရင်းရှိ လမ်းမတော်ရွာ စသည့်နေရာများအပါအဝင် နေရာ ခြောက်ခုခန့်ကို ယနေ့ ဇွန် ၁၇ရက် ညနေ ၃နာရီခန့်မှစတင်ကာ တစ်နာရီခန့်ကြာအောင် လှည့်ပတ် ဗုံးကြဲခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများမှ သိရသည်။

‎ဗုံးကြဲချတိုက်ခိုက်ခံရသည့်အတွက် ကျောက်တော်မြို့အတွင်းမှ ပြည်သူ ငါးဦး၊ လမ်းမတော်ရွာမှ ပြည်သူ ခုနစ်ဦးတို့သေဆုံးပြီး ဒဏ်ရာရရှိသူ အမြောက်အမြားရှိနေကာ နေအိမ်အများစု မီးလောင် ပျက်စီး ခဲ့သည်။

‎”တစ်နာရီလောက်ကြာအောင် ဂျက်ဖိုက်တာ တစ်စင်းပြီး တစ်စင်းတက်လာပြီးကြဲတယ်ပြောတယ်။ ဗုံးအလုံးရေ ၂၀ကျော်ပါမယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) စိုးမိုးနယ်မြေများကို စစ်တပ်က နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ဆိုင်နေသည့် ကျောက်ဖြူကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၁၅ ရက်ကလည်း ‎‎ကျောက်ဖြူမြို့နယ်ရှိ အောင်သပြေ ကျေးရွာကို လေကြောင်းတိုက်ခိုက်သည့်အတွက် ဘုန်းကြီး ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့ရသည်။ ထို့အပြင် ဇွန် ၁၄ရက်နှင့် ဇွန် ၁၅ရက်တို့တွင် ဂွမြို့နယ်အတွင်းကိုလည်း လေကြောင်းတိုက်ခိုက်၍ လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

‎ဓာတ်ပုံ- လူမှုကွန်ရက်
‎ပုံစာ- ဗုံးကြဲခံရသည့် ကျောက်တော်မြို့မှအပျက်အစီးများ