ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော ရွေးတုအစိုးရစစ်တပ်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဝတ်စုံများကို ဝတ်ဆင်ကာ ပုံမှားရိုက် သတင်းရယူခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ရွှေကူ K-PDF တပ်ရင်းက ယနေ့ ဇွန် ၁၇ရက်တွင် သတင်းထုတ်ပြန်ကာ ပြည်သူများကို သတိပေးထားသည်။
ရွေးတုအစိုးရစစ်တပ်သည် ရွှေကူမြို့အဝင်နှင့် မြို့အထွက်နေရာများတွင် KIA/PDF စစ်ဝတ်စုံများကို ဝတ်ဆင်၍ တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။
”ရွေးတုအစိုးရစစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုကို မိဘပြည်သူတွေအနေနဲ့ မြင်ကြားသိရှိ ခံစားနေရဆဲ ဖြစ်ပါတယ်” ဟု ရွှေကူ K-PDF တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် လတ်တလောအခြေအနေတွင် သွားလာနေထိုင်ရာ၌ အသိ၊ သတိဖြင့် ဆင်ခြင်ကြရန်၊ ရွေးတုအစိုးရစစ်တပ်နှင့် ဝေးဝေးနေကာ ရှောင်ရှားနေထိုင်ကြပါရန် ရွှေကူ K-PDF တပ်ရင်းက အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။
ရွှေကူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီး မြို့ကို ဦးတည်၍ စစ်ကြောင်းပြင်ဆင်နေသည့် စစ်တပ်ကြောင့် ပြည်သူများမြို့အတွင်းမှ တိမ်းရှောင်ကြရန် ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့ကတည်းက KIA က သတိပေးထုတ်ပြန်ထားသည်။
ယနေ့ ဇွန် ၁၇ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် ရွှေကူမြို့ အမှတ် ၁ ခုံခမ်းရပ်ကွက်ရှိ မူကြိုကျောင်းအနီးနှင့် ၁၉ လမ်းတို့ကို ရှော့တိုက်ဒုံးများကျရောက်သည့်အတွက် ကလေးတစ်ယောက် အပါအဝင် ငါးဦးဒဏ်ရာအပြင်းအထန်ရပြီး သုံးဦးသေဆုံးသည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။