ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ရှိ အာရက္ခတပ်တော် (AA) စိုးမိုးမှုယူထားသည့် ညောင်ကျိုးစခန်းကို ရွေးတုအစိုးရစစ်တပ်က အင်အားစုပြီး ပြန် လည်စစ်ကြောင်းထိုးလာကြောင်း သိရသည်။

အင်အား ၁၀၀ ကျော်ပါသည့် စစ်တပ်စစ်ကြောင်းသည် ယမန်နေ့ ဇွန် ၁၆ ရက်က ညောင်ကျိုးစခန်း အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာရာ AA နှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှသိရသည်။

“ခြေလျင်စစ်ကြောင်းက တောလမ်းကနေစစ်ကြောင်းထိုးလာလို့ လေသာတောင်အနီးမှာ တိုက်ပွဲ ဖြစ်တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

တောင်ကုတ်-ညောင်ကျိုးလမ်းကို စိုးမိုးမှုယူလိုသည့် စစ်တပ်က အခြေစိုက်စခန်းများတွင် အင်အား များစုဖွဲ့ထားပြီး ညောင်ကျိုးဗျူဟာဘက်ကို စစ်ကြောင်းများစေလွှတ်တိုင်း AA ၏ ကြားဖြတ်တိုက်ခိုက် မှုကြောင့် တပ်ပျက်ထွက်ပြေးရမှုများ ရှိနေသည်။

ဆင်လန်ဘက်မှ တပ်အင်အားများစုပြီး ညောင်ကျိုးစခန်းကို စစ်ကြောင်းထိုးလာရာ လေသာတောင် အနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်စစ်ကူများ ထပ်မံစေလွှတ်ရန် ပြင်ဆင်နေ သည်ဟုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

AA နှင့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မကြာခင်ရက်ပိုင်းအတွင်းက စစ်တပ်၏ ဥသျှစ်ပင်မြို့ အနီးရှိ ပွိုင့်စခန်းကုန်းတစ်ခုကိုလည်း စီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေ ဆုံးမှုများပြီး ဒဏ်ရာရသူများကို ဆွဲခေါ်ထုတ်ကာ ပြည်မြို့ဘက်သို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် AA တပ်များ ချဉ်းကပ်ရောက်ရှိနေသည့် ကာကွယ်ပစ္စည်းစက်ရုံ ကပစ ၁၆ စခန်းကိုလည်း အင်အားဖြည့်တင်းမှုများပြုလုပ်ထားရပြီး ခံစစ်ခိုင်မာစေရန် တပ်မိသားစုဝင်များကိုပါ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)