ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
တရုတ်နိုင်ငံခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က ပေးအပ်သည့် သိန်းရာချီတန်ဖိုးရှိ Huawei ကုမ္ပဏီထုတ် နောက်ဆုံးပေါ် Flagship ခေါက်ဖုန်းကို ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က သံတမန်ရေးရာ ဟန်ဆောင်နိုင်ခြင်းပင်မရှိဘဲ အခမ်းအနားတွင် ချက်ချင်း ဖွင့်ဖောက်စမ်းသပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့က တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei ကုမ္ပဏီထုတ် နောက်ဆုံးပေါ် အဆင့်မြင့်ဆုံး စမတ်ဖုန်းကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်ဆောင်ပေးအပ်ပွဲ အခမ်းအနားတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က ၎လက်ဆောင်ရရှိသည့် ဖုန်းကို ချက်ချင်း ဖွင့်ဖောက်၍ ဖုန်း၏ မျက်နှာပြင် စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား အားရဝမ်းသာ စမ်းသပ်ကြည့်ရှုခဲ့ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက် မှတ်တမ်းများအရ သိရသည်။
ရွေးတုသမ္မတထံ ပေးအပ်ခဲ့သည့် အဆိုပါဖုန်းမှာ HUAWEI Pura X Max အမျိုးအစား ခေါက်ဖုန်းအသစ်ဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်းတွင်မှ စျေးကွက်အတွင်း ထွက်ရှိထားကာ မြန်မာငွေ သိန်းရာချီ တန်ကြေးရှိသည့် တရုတ်၏ အဆင့်မြင့်ဆုံး ထုတ်ကုန်တစ်ခု ဖြစ်သည်။
နိုင်ငံတကာ သံတမန်ရေးရာတွင် အီလက်ထရွန်နစ်နှင့် နည်းပညာပစ္စည်းများ လက်ဆောင်ပေးအပ်ခြင်းသည် ရင်းနှီးမှုပြသခြင်း ဖြစ်သော်လည်း အမေရိကန်ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ထိပ်ပိုင်းခေါင်းဆောင်များသည် လုံခြုံရေးနှင့် ဆိုက်ဘာထောက်လှမ်းခံရမည့် အန္တရာယ်များကြောင့် တရုတ်ထုတ် အီလက်ထရွန်နစ်ပစ္စည်းများကို ၎င်းတို့၏ နေအိမ်၊ ရုံးခန်းနှင့် လေယာဉ်ပေါ်သို့ပင် သယ်ဆောင်ခြင်းမပြုဘဲ တားမြစ်စွန့်ပစ်လေ့ရှိသည်။
ဆိုက်ဘာလုံခြုံရေး အသိပညာပိုင်း အားနည်းလှသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ကမူ တရုတ်သမ္မတပေးသည့် ဖုန်းအသစ် စက်စက်ကို ချက်ချင်းပင် စမ်းသပ်ကာ ကလေးငယ်တစ်ဦးကဲ့သို့ ကျေနပ်ပျော်ရွှင်သည့် အမူအယာကို ပြသခဲ့သည်။
ဓာတ်ပုံ – HOS