ဧရာဝတီတိုင်းမ်
ဇွန် ၁၇ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် အစပ် ရေကြည်မြို့နယ်နှင့် ကပ်လျက်ရှိသော ကြောင်လျှာ တောစခန်းအောက်ပိုင်းတွင် ရွေးတုအစိုးရစစ်တပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ စစ်တပ်က စခန်းများ လက်လွှတ်လိုက်ရကြောင်း သိရသည်။
ရေကြည်မြို့နယ်နှင့် ကပ်လျက် မထားကွေ့၊ ကြောင်လျှာတောအောက်ဘက် ဧရိယာတစ်ဝိုက်အပါအဝင် နေရာ ၃ နေရာခန့်တွင် ယနေ့ ဇွန် ၁၇ ရက် နံနက် ၇ နာရီမှ ၈ နာရီဝန်းကျင်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း AA ဘက်မှ စစ်တပ်စခန်းနေရာ သုံး ခုစလုံးအား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီး ရွေးတုအစိုးရစစ်တပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်သား အလောင်း သုံးလောင်းအား သိမ်းဆည်း ရမိကာ စစ်တပ်က ဒဏ်ရာရရှိသူများကိုဆွဲထုတ်သွားကြောင်း မြေပြင်သတင်းများအရ သိရသည်။

“ကြောင်လျှာဒေသတစ်ဝိုက်မှာ တိုက်ပွဲဖြစ်တာ။ မနေ့ကတည်းက ဒဏ်ရာရသူတွေကို အပြုံလိုက် တင်ပြီး ညဘက်ကြီး စက်ဒေါင့်ကြီးကို ပို့တယ်။ တိုက်ပွဲဖြစ်တဲ့နေရာ သုံးခု လုံးတော့ AA က သိမ်းလိုက်ပြီ။ ထပ်တက်လာဦးမှာပဲ” ဟု သာပေါင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင်လည်း အဆိုပါ ဒေသတစ်ဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ခြေ အလွန်မြင့် မားလျက်ရှိပြီး ယမန်နေ့ ဇွန် ၁၆ ရက်နေ့က ကြောင်လျှာတောအောက်ပိုင်းသို့ စစ်ကူတက်လာသည့် စစ်တပ်စစ်ကြောင်းကို AA က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒဏ်ရာအပြင်းအထန်ရရှိသွားသူ ၃၀ ခန့်ကို စက်ဒေါင့်ကြီးကျေးရွာသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း ကွက်ပြင်၊ ပျဉ်းမထုံး၊ တောင်ကွင်းစသည့် ကျေးရွာ အုပ်စုများမှသည် ရိုးမအရှေ့ခြမ်း၊ တောင်ဘက်ရှိ တင်ဆိပ်ဒေသအထိ ကြိုဝိုင်း ၃ ခုအတွင်း လက်ရှိ တောတောင်များ၌ လုပ်ကိုင်စားသောက်နေကြသူများအားလုံး ယနေ့ မွန်းလွဲ ၁ နာရီထက် နောက်မကျစေဘဲ နေအိမ်များသို့ ပြန်ကြရန် စစ်တပ်က အရေးပေါ် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ တောတောင်ကုန်းဒေသများအတွင်း ရွေးတုအစိုးရစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်လာနိုင်သည့် ခြေလှမ်းများ ရှိနေသဖြင့် ဒေသခံ တောအလုပ်လုပ်ကိုင်သူများအနေဖြင့် အဆိုပါနယ်မြေများသို့ သွားရောက်ခြင်းမပြုဘဲ ရှောင်ကွင်းကြရန် လိုအပ်ကြောင်း စစ်ရေးသတင်း ရင်းမြစ်က ဆိုသည်။
ပုံစာ-ဧရာ၀တီတိုင်းအတွင်းရှိ AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)