ဧရာဝတီတိုင်းမ်
ဇွန် ၁၆ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းနေသည့် ရွေးတုအစိုးရစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှ အထိနာနေကြောင်း သိရသည်။
ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုး ခလရ-၁၂၁ မှ ထွက်လာသည့် စစ်ကြောင်းများကို ဇွန် ၁၅ ရက်တွင် KIA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ယာဉ်တန်းအတွင်းမှ စစ်ကားနှစ်စီးပျက်စီးပြီး စစ်တပ် တပ်ဖွဲ့ဝင်များ သေဆုံးမှုများခဲ့သည်။
ထို့အပြင် ရွှေကူမှ ဗန်းမော်ဘက်တက်ရန်ကြိုးပမ်းနေသည့် စစ်တပ် စစ်ကြောင်းသည်လည်း လေးလမ်းဆုံအနီးတွင် တိုက် ခိုက်ခံရပြီး ၂၀ ခန့် သေဆုံးခဲ့၍ စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသတွင်းသတင်းများထံမှသိရသည်။
”၁၅ရက်နေ့က Y12 နဲ့မနက်ပိုင်း ရွှေကူအထက်ရွာတွေကို ဗုံးလာကြဲတယ်။ နေ့ခင်း ၂နာရီလောက်ရောက်တော့ ဂျက်ဖိုက်တာတွေပါရောက်လာပြီး ကြဲတယ်။ စစ်တပ် အထိနာလို့ လေယာဉ်ပစ်ကူခေါ်တာလို့သိရတယ်” ဟု ရွှေကူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်က ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ရန် အင်အားအလုံးအရင်းသုံးနေပြီး ပြီးခဲ့သည့် ရက်ပိုင်းက အင်အား ၇၀၀ ခန့်ကို ဦးဆောင်လာသည့် စစ်တပ်၏ တပ်မဟာ(၄) မှ တပ်မဟာမှူးနှင့်အဖွဲ့တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရသည့် တပ်မဟာမှူးဗိုလ်မှူးချုပ် သူရဝဏ္ဏလှိုင်အား ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွားရသည်။
ဗိုလ်မှူးချုပ် သူရဝဏ္ဏလှိုင်နေရာကို ဝင်ရောက်ဦးစီးသည့် ဒုတပ်မဟာမှူးဖြစ်သူလည်း ထပ်မံထိခိုက်ဒဏ်ရာများရရှိပြီးနောက် ရွေးတုအစိုးရစစ်တပ်သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စခန်းနေရာများနှင့် လှုပ်ရှားစစ်ကြောင်းများရှိမည်ဟုယူဆရသည့်နေရာများကို အငြိုးအတေးဖြင့် အပြင်းအထန် ပြန်လည်တုံ့ပြန်ကာ လေကြောင်းစစ်ဆင်ရေးများ ပြုလုပ်လာခြင်းဖြစ်သည်။
ထို့အပြင် စစ်တပ်က ပြီးခဲ့သည့် ဇွန် ၁၃ရက်က ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာမှ ဒေသခံ ရှစ်ဦးကိုလည်း ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ သတ်ဖြတ်ထားခဲ့ပြီး သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေကူမြို့အတွင်း၌ စစ်ရှောင်နေသူများရှိသလို ကျေးရွာများမှ စာမေးပွဲလာရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များလည်းရှိပြီး စစ်ရှောင်ရန် ခက်ခဲနေသူများ ဆက်လက်နေထိုင်နေရကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)