ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါအဝင် ၁၀ ဦးသေဆုံးသွားကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် ရွေးတုအစိုးရ စစ်တပ်မှ တပ်ဖွဲ့ဝင် ၁၅ ဦးပါ ခြောက်ဘီးကား တစ်စီးနှင့် ဗိုလ်ကြီးတစ်ဦး လိုက်ပါလာသည့် အိမ်စီးကားတစ်စီးကို ယမန်နေ့ ဇွန် ၁၆ ရက် ညနေပိုင်းက ဆိပ်ဖြူမြို့အဝင်(နပဲပင်ဖုတ်တက်)အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း ပကဖအသံထံမှ သိရသည်။
“မကွေးတိုင်းမှာ စစ်မျက်နှာအသစ်ထပ်ဖွင့်ခံရတဲ့ အခြေအနေပါ။ စစ်တပ်ဘက်ကလည်း ရွာတွေကို ဆက်တိုက် မီးတင်ရှို့နေတာ။ တော်လှန်ရေးတပ်တွေဘက်ကလည်း ထွက်လာသမျှစစ်ကြောင်းကို ဖြတ်တိုက် နေတာ”ဟု မကွေးဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦး မျက်မြင် သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ MA1 ငါးလက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ MA5 ပစ္စတို တစ်လက်၊ ကျည်အိမ် ၁၈ခု၊ ၅.၅၆ ကျည် ၂၄၀တောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ ဖုန်း တစ်လုံး၊ ငွေသား ၅၄၅,၀၀၀ ကျပ်နဲ့ မှတ်ပုံတင် ခြောက်ခုတို့ကို သိမ်း ဆည်းရမိခဲ့ကာ စီးနင်းလာသည့် မော်တော်ယာဉ်နှစ်စီးလုံးလည်း ပျက်စီးသွားခဲ့သည်။
ထို့နောက် ဆိပ်ဖြူမြို့နယ် ဆယ်မိုင်စစ်ဆေးရေးဂိတ်ဘက်မှ စစ်တပ်စစ်ကူကား ငါး စီး ရောက်ရှိလာခဲ့ပြီး တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃) ၊ အမှတ် (၆) တပ်ရင်း၊ MGY၊ အမှတ် (၇) တပ်ရင်းနဲ့ အမှတ် (၁၇) တပ်ရင်းတို့မှ ပူးပေါင်းခဲ့ကြကြောင်း သိရသည်။
အလားတူ ဇွန် ၁၅ ရက်နေ့ကလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ရွေးတုအစိုးရစစ်တပ် တပ်သားများပါသည့် အိမ်စီးကားကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါ အလောင်းနှစ်လောင်း၊ သေနတ် သုံးလက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း ပကဖ အသံမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ပကဖအသံ