‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၇ ရက်

လက်ရှိကျင်းပနေသောကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယနေ့ ဇွန် ၁၇ ရက် အုပ်စုအဆင့်ယှဉ်ပြိုင်ပွဲ၌ အာဂျင်းတီးနားနှင့် အယ်ဂျီးရီးယားအသင်းပွဲတွင် အသင်းခေါင်းဆောင်လီယိုနယ်မက်ဆီက ဟတ်ထရစ်ဂိုးသွင်းယူ လိုက်သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆယ်စုနှစ်နှစ်စာတွင် မက်ဆီ၏ အရှိန်အဝါကြီးနေဆဲဖြစ်ကြောင်းကို တွေ့မြင်ခဲ့ရသည်။

ယခုကဲ့သို့ အံ့မခန်း ဟတ်ထရစ်ဂိုး သွင်းယူနိုင်ခဲ့သည့် ယနေ့သည့် မက်ဆီတစ်ယောက် ဆားဘီးယား အင်န် မွန်တီနီဂရိုးအသင်းနှင့်ပွဲမှာ ကမ္ဘာ့ဖလားပွဲဦးထွက် ကစားခဲ့တဲ့နေ့ (အဲဒီပွဲမှာလည်း သူ ဂိုးသွင်း ခဲ့ပါတယ်) မှရေတွက်ပါက အနှစ် ၂၀ ပြည့်မြောက်‌သည့်နေ့ အတိအကျပင် ဖြစ်ကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

ယခုဂိုးများကြောင့် ရိုဆာရီယိုမြို့ ဂုဏ်ဆောင်မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်မှာ ဂိုးသွင်း ယူနိုင်သည့် သမိုင်းတစ်လျှောက် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ကြောင်းရေးသား ထားသည်။

မက်ဆီသည် သူစံချိန်တင် ကစားထားသည့် ကမ္ဘာ့ဖလား ၆ ကြိမ်အတွင်းမှာ စုစုပေါင်း ၁၆ ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီး လာမည့်သီတင်းပတ်မှာ ကလို့စ်၏ စံချိန်ကို ကျော်ဖြတ်ရန်သေချာသလောက် ရှိနေပြီ ဖြစ်သည်။

လက်ရှိဟတ်ထရစ်သည် မက်ဆီ၏ ကစားသမားဘဝ တစ်လျှောက် ၆၁ ကြိမ်မြောက်ဖြစ်ကာ နိုင်ငံ လက်ရွေးစင်အင်္ကျီနှင့် ၁၁ ကြိမ်မြောက်ဖြစ်ပြီး‎ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ပထမဆုံးအကြိမ် ရရှိခဲ့ သည့် ဟတ်ထရစ်ဖြစ်သလို ကမ္ဘာ့ဖလားပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော့်ဆီ ရောက်လာသမျှ အရာအားလုံးကို ဖြတ်သန်းခွင့်ရခဲ့လို့ အရမ်းပျော်ပါတယ်။ အခု ကျွန်တော် ဖြတ်သန်းနေရတဲ့ အချိန်တွေကတော့ ကိတ်မုန့်ပေါ်က ချယ်ရီသီးလေးလို အကောင်းတကာ့ အကောင်းဆုံးပါပဲ။ ဒီလို ထူးချွန်တဲ့ အသင်း သားတွေနဲ့ အတူရှိနေရလို့ အရမ်းပျော်ပြီး ကျေးဇူးလည်း တင်ပါတယ်။ အခုအချိန်ကို ကျွန်တော် တကယ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်” ဟု မက်ဆီဆိုသည်။

မက်ဆီ၏ ခြေစွမ်းပြမှုသည် အင်္ဂါနေ့က ပွဲကြီးပွဲကောင်းများကစားခဲ့ကြ‌သော‎ကမ္ဘာ့ဘောလုံးလောက၏ အခြားကြယ်ပွင့်နှစ်ပွင့်ဖြစ်သူ ပြင်သစ်၏ ဘာပေနှင့် နော်ဝေ၏ ဟာလန်း တို့ကိုပါ အရိပ်လွှမ်းမိုး သွားခဲ့သည်။

ပြင်သစ်က ဆီနီဂေါကို ၃-၁ နှင့် နိုင်သည့်ပွဲတွင် ဘာပေက ၂ ဂိုး သွင်းယူနိုင်သဖြင့် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်း၏ စတုတ္ထနေရာ (၁၄ ဂိုး) မှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီး ဟာလန်းကလည်း အီရတ်ကို နော်ဝေက ၄-၁ နှင့် နိုင်သည့်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

 

“မက်ဆီကတော့ ရူးသွပ်စရာ ကောင်းလောက်အောင် တော်လွန်းတာပဲ” လို့ မက်ဆီအာဂျင်တီးနားပွဲ ကစားနေစဉ်အတွင်း ‎ဟာလန်းက သူ့၏ Snapchat အကောင့်မှာ တင်ခဲ့သည်။

‎ဓာတ်ပုံ – FIFA
ကိုးကား – AP
Ref: Lionel Messi ties men’s World Cup goals record with a hat trick as Argentina tops Algeria