(တရုတ်အနေဖြင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများအပေါ် အားပေးကူညီနေမှုများ ချက်ချင်း ရပ်တန့်ရန် JFM တောင်းဆို)
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများတွင် အားပေးကူညီနေမှုများကို ချက်ချင်းရပ်တန့်ပေးရန် Justice For Myanmar(JFM)က တောင်းဆိုလိုက်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် စစ်ခေါင်းဆောင်ရွေးတုသမ္မတ မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံခြင်းမှာ တရုတ်အနေဖြင့် မြန်မာပြည်သူများက လက်မခံသည့် စစ်တပ်၏ အကြမ်းဖက်မှု များတွင် ကြံရာပါအဖြစ်ပိုမိုပါဝင်လာခြင်းဖြစ်ပြီး စစ်အုပ်စုအပေါ် မှားယွင်းသည့် တရားဝင်မှုတစ်ရပ်ကို ပေးအပ်လျက်ရှိနေခြင်းဖြစ်ကြောင်းလည်း JFM ကပြောဆိုခဲ့သည်။
တရုတ်သည် စစ်အုပ်စုအား အဓိက စစ်လက်နက်ရောင်းချပေးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ဝယ်ယူခြင်း၊ ရေနံစိမ်း သယ်ယူပို့ဆောင်ပေးနေခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအပေါ် ဝင်ငွေများဆက်လက်ရရှိနေစေရန် ဖန်တီးပေးလျက်ရှိသည်။

စစ်အုပ်စုသည် ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်ရာတွင် တရုတ်ထုတ် စစ်လက်နက်များနှင့် စက် ပစ္စည်း ကိရိယာများကိုအသုံးပြုလျက်ရှိပြီး တရုတ်ကုမ္ပဏီ Sinotruk သည် စစ်ကြောင်းထိုးမည့် စစ်တပ်စစ်ကြောင်းများ၏ သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ယာဉ်များကို ထောက်ပံ့ပေးလျက်ရှိနေကြောင်း JFM က ဆိုထားသည်။
တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း Aviation Industry Corporation of China (AVIC) သည် စစ်တပ်အား တိုက်လေယာဉ်များ ရောင်းချပေးနေပြီး စစ်တပ်မှ အဆိုပါတိုက်လေယာဉ်များကို အသုံးပြုကာ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် တရုတ်အစိုးရသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံနေပြီး အဆိုပါ တွေ့ဆုံမှုမှတစ်ဆင့် စစ်လက်နက်နှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို ညှိနှိုင်းဆွေးနွေးရန် အခွင့်အလမ်းများ ရရှိနေကြောင်းလည်း JFM ကထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများ၏ ကြံရာပါ ပူးပေါင်းပါဝင်နေမှုများအပေါ် ပြင်းထန်စွာရှုတ်ချပြီး ရာဇဝတ်မှုများတွင် အားပေးကူညီသူ များအားလုံးကို တာဝန်ခံမှုရှိကြစေရန်လည်း Justice For Myanmar မှ တောင်းဆိုခဲ့သည်
ဓာတ်ပုံ – အင်တာနက်