ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်မှ တပ်သားများပါသည့် အိမ်စီးကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါ အလောင်း နှစ်လောင်း၊ သေနတ် သုံးလက်ကို သိမ်းဆည်း ရရှိခဲ့ကြောင်း ပကဖ အသံမှ ထုတ်ပြန်သည်။
တောင်တွင်းကြီး၊ ဆက်သွားကျေးရွာဘက်မှလာသည့် စစ်သား လေး ဦးပါသည့် အိမ်စီးကားတစ်စီးကို ယမန်နေ့ ဇွန် ၁၅ ရက်က ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင် ဆက်သွားလမ်းပိုင်းတွင် တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်တပ်မှဗိုလ်ကြီးအပါ အဝင် အလောင်းနှစ်လောင်း၊ G3 သေနတ် တစ်လက်၊ MA-3 တစ်လက်၊ MA-5သေနတ် တစ်လက်တို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ MODအောက်ရှိတပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ စုဖွဲ့ထားသည့် ရိုးမဖိုက်တာစစ်ကြောင်း၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ မကွေးမြို့နယ် ပကဖ၊ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ပကဖအသံက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ပကဖအသံ