ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇွန် ၁၆ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရ စစ်တပ်စစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ် (ပကဖ)၊ ဒဂုံစစ်ကြောင်းတို့မှ ပြီးခဲ့သည့် ဇွန် ၈ ရက်၊ ၉ ရက်နေ့များတွင် ကြယ်နီကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်တပ်သည် တိမ်မြုပ်ကျေးရွာ၊ ကျီးပြတ်ကျေးရွာ၊ ကြို့ကိုးပင်ကျေးရွာများဘက်မှ စစ်ကြောင်းသုံး ကြောင်းခွဲ၍ အုတ်ဖိုမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ကင်းပတ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသော ကြယ်နီကုန်းကျေးရွာတိုက်ပွဲတွင် စစ်သား နှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းကနယ်မြေကို စည်းရုံးရေးပုံစံမျိုးနဲ့ဆင်းတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ကို ပြည်သူနဲ့ ရန်တိုက်ပေးတဲ့အနေအထားပေါ့။ ရပ်ရွာတွေကိုဝင်တယ်။ ဝင်ပြီးတော့မှမီးတွေရှို့တယ်။ ထန်းပင်ကုန်း ကို ဝင်စီးပြီး မီးတင်ရှို့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အုတ်ဖိုမြို့နယ်အတွင်း လှည်လည်စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းအားလုံး ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပြီး မိမိတို့ရပ်ရွာတွင် ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း ပြောဆိုကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အတိုက်အခံဖြစ်စေရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်သွားကြောင်း သိရသည်။
စစ်တပ်သည် အုတ်ဖိုမြို့နယ်အတွင်း ရက်ပေါင်း ၂၀ ကျော်ကြာ စစ်ကြောင်းထိုးနေစဉ် ဒေသခံ နေအိမ်များမှ ပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်မီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဖြင့်ဗုံးသီးချခြင်း၊ ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ လူသားဒိုင်း အဖြစ် အသုံးပြုခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့