နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
အာဏာသိမ်းပြီးနောက် ရွေးတုအစိုးရ ဖြစ်လာသော စစ်အုပ်စုသည် နိုင်ငံရေး၊ စစ်ရေးအတွက် ဝါဒဖြန့်ရာတွင် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချနေသော်လည်း တစ်ဖက် တွင်မူ အငြိုးအတေးဖြင့် သမိုင်းပျောက်ဖျက်ရန် ဗိုလ်ချုပ်ရုပ်ပုံနှင့် ကြေးရုပ်တုများအား နိုင်ငံတစ်ဝန်း လိုက်လံဖြုတ်ချ ဖျက်ဆီးနေကြောင်း သိရသည်။
အာဏာသိမ်းယူစဉ်ကပင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ကို မတရားသဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ၎င်းဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း အဓိကထား ဖျက်သိမ်းထားကြောင်း သိရသည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်များသည် ကျောင်းဖတ်စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ထည့်သွင်းဖော်ပြမှုအပါအဝင် ဝါဒဖြန့်လိုသော အချိန်ကာလများတွင် ဗိုလ်ချုပ်၏ အရှိန်အဝါများအား ရယူသုံးစွဲကာ အသုံးချလေ့ရှိကြောင်း တပ်မတော်သား CDM အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့အပြင် စစ်အုပ်စုသည် NLD ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေ၍ ဂုဏ်အရှိန်အဝါ ပိုတက်လာခြင်းဖြစ်သည်ဟု မှတ်ယူထားပြီး၊ အငြိုးအတေးထားကာ ဗိုလ်ချုပ်ဂုဏ်ဒြပ်ကိုပါ မှေးမှိန်အောင် လုပ်ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ညီသုတက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရှိအချိန်မှာ နိုင်ငံရေးအရှိန်အဝါ ကြီးမားနေဆဲ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ရဲ့ပုံရိပ်ကို မှေးမှိန်အောင် ဆက်လုပ်ထားမယ်လို့ ယူဆတယ်။ ဗိုလ်ချုပ်ကို သမီးဖြစ်သူနဲ့အတူ တွဲပြီးတော့ သတိရမှာကို သူတို့ မလိုလားဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရွေးတုအစိုးရအဖြစ် အသွင်ပြောင်း စစ်အုပ်စုသည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်မှ ဆိုင်း ဘုတ်၊ အလံများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အမှတ် (၅၄) ခြံရှေ့၌ ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတို့ကိုပါ ဖြုတ်ချသွားကြောင်း သိရသည်။
ထိုဖြစ်စဉ်သည် အာဆီယံအပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုများ ပြင်းထန်လာချိန်နှင့် ရွေးတုသမ္မတ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ မသွားရောက်မီ ယခု ဇွန် ၁၂ ရက်နှင့် ၁၄ ရက် ညပိုင်းများ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွေးတုအစိုးရဘက်ကမူ တစ်စုံတစ်ရာ တုံ့ပြန်ငြင်းဆိုခြင်း မရှိ သေးပေ။
ယင်းမတိုင်မီကလည်း ရွေးတုသမ္မတမင်းအောင်လှိုင်နှင့် ၎င်း၏လူယုံတော် တပ်ချုပ်သစ်တို့ သွားရောက်ခဲ့သော ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်လမ်းတွင် စိုက်ထူထားသည့် အမြင့် ၁၅ ပေ၊ ကြေးပိဿာချိန် ၄၅၃ ပိဿာရှိ ဗိုလ်ချုပ်ကြေးရုပ်တုကိုလည်း ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့ ညပိုင်းက ဖြိုဖျက်ဖယ်ရှားခဲ့သည်။
အဆိုပါ လုပ်ရပ်များသည် ရွေးတုအစိုးရ အသွင်ဆောင် စစ်အုပ်စု၏ အတွင်းစိတ်ပိုင်းကို ဖော်ညွှန်းနေခြင်းဖြစ်ပြီး သမိုင်းနှင့် ပြည်သူလူထု တန်ဖိုးထားသော အရာများအား ဖျောက်ဖျက်ချင် နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
“သဘောကတော့ သမိုင်းတွေ၊ ပြည်သူလူထု တန်ဖိုးထားတဲ့ အရာတွေနဲ့ သူတို့ကို အန္တရာယ်ပေးနိုင်တဲ့ စုဖွဲ့မှု၊ လူပုဂ္ဂိုလ် ဒါတွေအကုန်လုံးကို ဖျောက်ဖျက်ချင်တယ်ဆိုတဲ့ အတွင်းစိတ်ပေါ့။ ဒါကို ဒီလုပ်ရပ် တွေက ဖော်ညွှန်းနေတယ်လို့ သုံးသပ်မိပါတယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရသည် ဗိုလ်ချုပ်အောင်ဆန်း၊ NLD ပါတီနှင့် ပတ်သက်၍ ဖြုတ်ချဖျက်ဆီး ဖယ်ရှားမှုများကို ညပိုင်းတွင် မီးများဖြတ်ကာ အဓိကလုပ်ဆောင်လေ့ရှိပြီး ပတ်သက်ဆက်နွယ်နေသူများအပြင် ပါတီဝင် များကိုလည်း မတရားဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်ကာ နေအိမ်များအား ချိတ်ပိတ်နေကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာသိမ်း ကာလအတွင်း၌ပင် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့၊ မန္တလေး တိုင်း သာစည်မြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့အပါအဝင် ပဲခူးတိုင်း ပဲခူးမြို့နှင့် တောင်ငူမြို့ စသည်တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများအား လိုက်လံဖြိုချ ဖျက်ဆီးထားကြေ