ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
လက်ရှိမြန်မာ့စီးပွားရေးသည် တည်ငြိမ်လာသော လက္ခဏာပြသော်လည်း လောင်စာဆီအခက် အခဲကြောင့် စီးပွားရေးတိုးတက်မှုနှုန်း ထပ်မံလျော့ကျနေကာ ကုမ္ပဏီများလည်း တိုးတက်မှုထက် ရှင်သန်ရေး ကြိုးစားနေရကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။
မြန်မာ့စီးပွားရေး အလားအလာသည် ဆက်လက်အားနည်းနေဆဲဖြစ်ကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းသာ ခန့်မှန်းထားပြီး လောင်စာဆီအခက်အခဲမတိုင်မီက ခန့်မှန်းထားသော ၃ ရာခိုင်နှုန်းမှ လျှော့ချထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍ သုံးသပ်ချက်တွင်လည်း ကုမ္ပဏီအများစုသည် တိုးတက်မှု ထက် ဆက်လက်ရှင်သန်တည်မြဲရေးကိုသာ အဓိက အာရုံစိုက်နေရကြပြီး အလုပ်အကိုင်ဖန်တီးမှုနှင့် ဝင်ငွေပြန်လည်တိုးတက်လာနိုင်မှုကို ထပ်မံအားနည်းစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ပုဂ္ဂလိကလုပ်ငန်းများသည် မသေချာမရေရာမှု၊ စိန်ခေါ်မှုများ ပြည့်နှက်နေပြီး စရိတ် မြင့်တက်လာခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများ၊ မူဝါဒများ အကောင်အထည်ဖော်မှုတွင် မညီမျှခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုသည်။
“မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရတဲ့ အခက်အခဲအများစုက စည်းမျဉ်းစည်းကမ်းများ အကောင်အထည်ဖော်မှု အားနည်းတာနဲ့ ဝန်ဆောင်မှုမတည်ငြိမ်မှုတို့ကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရန်အတွက် ခန့်မှန်းရလွယ်ကူတဲ့ ပတ်ဝန်းကျင်ရှိတာနဲ့ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းညှိနှိုင်း မှုရှိတာက လုပ်ငန်းတွေ တိုးတက်မှုလမ်းကြောင်း ဖွင့်လှစ်ရာမှာ အရေးကြီးပါတယ်” ဟု ကမ္ဘာ့ဘဏ် အထက်တန်းစီးပွားရေးပညာရှင် ကီမိုမန်ဆာရေး (Kemoh Mansaray) က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နောက်ဆုံးပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းလာသော်လည်း ၂၀၂၆ ခုနှစ် မေလမှစတင်၍ ပြန်လည်မြင့်တက်လာကာ နှစ်အလိုက် ဧပြီလတွင် ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိသွားကြောင်း သိရသည်။ အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သောကြောင့် အိမ်ထောင်စု များအတွက် အသက်မွေးဝမ်းကျောင်းရေးကို ပိုမိုခက်ခဲစေပြီး အားနည်းသော ပြည်သူများအပေါ် ထိခိုက်မှု ပိုမိုခံစားရကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စီးပွားရေးအခြေအနေများ တည်ငြိမ်လာတဲ့ လက္ခဏာတွေအချို့ ရှိပေမယ့် မြန်မာ့စီးပွားရေးက အလွန်ကြီးမားတဲ့ ဖိအားတွေအောက်မှာ ရှိနေဆဲဖြစ်ပါတယ်”ဟု ထိုင်းနှင့် မြန်မာနိုင်ငံ ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မယ်လင်ဒါဂွတ်ဒ်က ပြောကြားသည်။
မြန်မာ့စီးပွားရေးသည် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မတိုင်မီနှင့် မြေငလျင်မတိုင်မီ အဆင့် များထက် များစွာနည်းပါးနေဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးဝေမှု ပြဿနာများ၊ အခြားလိုအပ်မှုနှင့် မူဝါဒပိုင်း ကန့်သတ်ချက်များ ဆက်လက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်