ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

 

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း မိုဟာဗီသဲကန္တာရထဲရှိ အမေရိကန် လေတပ်အခြေစိုက်စ ခန်းတစ်ခုမှာ B-52 ဗုံးကြဲလေယာဉ်တစ်စင်း တနင်္လာနေ့က ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျပြီး မီး လောင်ကျွမ်းသွားခဲ့လို့ လေယာဉ်ပေါ်ပါသူ စုစုပေါင်း ၈ ဦးစလုံး သေဆုံးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ တာ ဝန်ရှိသူတွေက ပြောပါတယ်။

 

လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက်မှာရှိတဲ့ အက်ဒ်ဝပ်ဒ် လေတပ်အခြေစိုက်စခန်းမှာ အဆိုပါလေ ယာဉ်က ပုံမှန်စမ်းသပ်ပျံသန်းမှု လုပ်ဆောင်နေရင်း မနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ပျက်ကျသွားခဲ့ တာ ဖြစ်ပါတယ်။

 

ဗီဒီယိုမှတ်တမ်းတွေအရ လေယာဉ်တစ်စင်းလုံး ပြာကျသွားပြီး အခြေစိုက်စခန်းရဲ့ လေယာဉ်ပြေး လမ်းအနီး မီးလောင်ကျွမ်းထားတဲ့ သဲကန္တာရပြင်ကျယ်ကြီးထဲကနေ မီးခိုးနက်တွေ ထွက်ပေါ်နေကာ အနီး အနားမှာလည်း အရေးပေါ်ကယ်ဆယ်ရေးကားတွေ ရောက်ရှိနေတာကို တွေ့ရပါတယ်။

အဲဒီ B-52 လေယာဉ်ပေါ်မှာ အစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အရပ်ဘက်ကန်ထရိုက်တာတွေနဲ့ စစ် ဝတ်စုံဝတ် စစ်မှုထမ်းတွေ လိုက်ပါသွားခဲ့ပြီး လေယာဉ်ထုတ်လုပ်တဲ့ ဘိုးအင်းကုမ္ပဏီကလည်း ဝန်ထမ်း ၂ ဦး လေယာဉ်ပေါ်မှာ ပါသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

 

လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုမှတ်တမ်းတွေကို သေသေချာချာ ပြန်လည်စစ်ဆေးကြည့်ပြီးတဲ့ နောက် လေယာဉ်ပေါ်ပါသူ ဘယ်သူမှ လွတ်မြောက်ရှင်သန်နိုင်ခြေ မရှိဘူးဆိုတာကို ဆုံးဖြတ်နိုင်ခဲ့တယ် လို့ အက်ဒ်ဝပ်ဒ်စခန်းရဲ့ အမှတ် ၄၁၂ စမ်းသပ်ပျံသန်းရေးတောင်ပံ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ဂျိမ်းစ် ဟေးစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

လေယာဉ်ဘာကြောင့် ပျက်ကျရသလဲဆိုတဲ့ အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိ ရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်နိုင်ဖို့ ၆ လလောက် အချိန်ယူရနိုင်တယ်လို့ ၎င်းက ဆိုပေမဲ့ အဲဒီ လေယာဉ်ဟာ ရေဒါ ခေတ်မီဆန်းသစ်ရေး အစီအစဉ်ကို ပံ့ပိုးပေးနေတာလို့ ပြောပါတယ်။

 

Boeing B-52 Stratofortress ဆိုတာဟာ ၁၉၅၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တဲ့ တာဝေး သွား ဗုံးကြဲလေယာဉ်ကြီး အမျိုးအစားဖြစ်ပြီး ရိုးရိုးလက်နက်တွေရော နျူကလီးယားလက်နက်တွေကိုပါ သယ်ဆောင်နိုင်ဖို့ ပုံစံထုတ်လုပ်ထားကာ ဗီယက်နမ်စစ်ပွဲကနေ အီရန်နိုင်ငံအထိ အမေရိကန်စစ်တပ်က အသုံးပြုခဲ့ပါတယ်။

 

အက်ဒ်ဝပ်ဒ် လေတပ်အခြေစိုက်စခန်းဟာ အမေရိကန်လေတပ်ရဲ့ လေယာဉ်စမ်းသပ်မှုနဲ့ အဆင့် မြှင့်တင်မှု လုပ်ငန်းစဉ်အများစုကို အဓိကလုပ်ဆောင်ရာနေရာဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့ရဲ့ မြောက် ဘက် မိုင် ၁၀၀ အကွာမှာ တည်ရှိတာပါ။

 

လေတပ်ဝန်ကြီး ထရွိုင်းမိန့်ခ် ကတော့ အခုလို အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းကြေ ကွဲရတယ်လို့ ပြောပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ ဒီဆုံးရှုံးမှုအတွက် ဝမ်းနည်းပူဆွေးရသလို ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန် တွေ တိုးတက်အောင်မြင်ဖို့ နေ့တိုင်း ကြိုးစားအားထုတ်နေကြတဲ့ လေတပ်သားတွေ၊ အရပ်ဘက်ဝန်ထမ်း တွေနဲ့ ကန်ထရိုက်တာတွေရဲ့ ပေးဆပ်မှုကိုလည်း ဂုဏ်ပြုဦးညွှတ်ပါတယ်” လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

 

ကိုးကား – AP
Ref; 8 people died in B-52 bomber crash at US Air Force base in Southern California, officials say