ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်မှ ဆက်လက်အား ကောင်းနိုင်သဖြင့် တိုင်းနှင့် ပြည်နယ်များတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး လာမည့် နှစ်ရက်အတွင်း မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ယနေ့ ညအထိခန့်မှန်းချက်အရ မိုးတစ်ကြိမ်မှ နှစ်ကြိမ်ခန့်ထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါမိုးတိမ်တောင်များရွေ့ လျားရာနေရာတစ် လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မုတ်သုံလေ အားအလွန်ကောင်းနေသည့်အတွက် ရန်ကုန်တိုင်း၊ အထူးသဖြင့် ကျောက်တန်း၊ သုံးခွ၊ ခရမ်းစသည် မြို့နယ်များတွင် မိုးရေချိန် အလွန်များနိုင်ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ် အထက်ပိုင်း နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ကြုံတွေ့ရနိုင်သည်။
မြန်မာ့ကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်အသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ယင်းအချိန်တွင် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ဇလ၊ ဧရာဝတီတိုင်းမ်