ဧရာ၀တီတိုင်းမ်
(တောင်ငူ) ဇွန် ၁၆ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အနောက်ဘက် ပဲခူးရိုးမအစပ်ရှိ ကုက္ကိုပင်ချောင်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရွေးတုအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ရဲအရာရှိတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများနှင့် ရဲအသိုင်းအဝန်းထံမှ သိရသည်။
သတ်ဖြတ်ခံရသူမှာ တောင်ငူမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေပြီး စစ်တပ်မှ တပ်ကြပ်အဆင့်ဖြင့် ပြောင်းရွှေ့လာသည့် စစ်တပ်အသွင်ပြောင်း ရွေးတုရဲအရာရှိ ဒုရဲအုပ် သက်နိုင်ဝင်း ဆိုသူဖြစ်ပြီး ၎င်းကို ရဲတပ်ကြပ်ကြီး မင်းမင်းစိုးနှင့် အပေါင်းအပါ လူငယ်နှစ်ဦးက ဝိုင်းဝန်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒုရဲအုပ် သက်နိုင်ဝင်းနှင့် ရဲတပ်ကြပ်ကြီး မင်းမင်းစိုးတို့သည် ကုက္ကိုပင်ချောင်ကျေးရွာအတွင်း စကားများ ရန်ဖြစ်ကြပြီးနောက် ရဲတပ်ကြပ်ကြီး မင်းမင်းစိုးက ပြင်ပမှ လူငယ်နှစ်ဦးအား ဖုန်းဆက်လှမ်းခေါ်ကာ သုံးယောက်တစ်ယောက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သုံးယောက်တစ်ယောက် သံတူရွင်းတွေ၊ ပေါက်ပြားတွေနဲ့ ဝိုင်းခုတ်ကြတာ။ ဒဏ်ရာတွေက ပြင်းထန် လွန်းလို့ ကြည့်တောင် မကြည့်ရဲဘူး” ဟု ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသတ်ခံရသည့် ဒုရဲအုပ် သက်နိုင်ဝင်းသည် စစ်တပ်မှ အသွင်ပြောင်းလာသူဖြစ်ပြီး တောင်ငူမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည်မှာ မကြာသေးကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝန်းမှ သိရသည်။
အခင်းဖြစ်ပွားရာ တောင်ငူမြို့အနောက်ဘက် ကုက္ကိုပင်ချောင်ကျေးရွာသည် ပဲခူးရိုးမအတွင်းမှ သစ်မျိုး စုံထွက်ရှိရာ အရောင်းအဝယ်ပြုလုပ်သည့် နေရာဖြစ်ပြီး ရွေးတုအစိုးရလက်အောက်ခံ ရဲနှင့် စစ်တပ်က ဂိတ်ချကာ ငွေကြေးကောက်ခံနေသည့် အဓိက သစ်ခိုးထုတ်ရာ မှောင်ခိုလမ်းကြောင်း တစ်ခု လည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-CJ