ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇွန် ၁၆ ရက်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ၎င်းတို့ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည့် ထန်းပင်ကုန်းကျေးရွာတွင် အထိုင်ချကာ အနီးပါတ်ဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

 

အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိ ထန်းပင်ကုန်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့ကာ အဆိုပါ‌ကျေးရွာတွင်ပင်အထိုင်ချကာ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေရာ ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က ပစ်ခတ်မှု‌ကြောင့် ဝင်းသရက်ကျေးရွာမှ နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်၏အဆက်မပြတ်စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် လက်ရှိတွင်ဒေသခံသောင်းနှင့်ချီ စစ်ဘေးရှောင်နေရပြီး မိုးရာသီသို့ရောက်ရှိလာသည်နှင့်အမျှ အဓိကလုပ်ငန်းဖြစ်သည့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ရန် အခက်အခဲကိုကြုံတွေ့နေရကြောင်းလည်း သိရသည်။

 

“သူတို့ကို(စစ်တပ်)ကြောက်ပြီး ကျေးရွာတွေကိုပြန်လာရဲမှာမဟုတ်တော့ပါဘူး။ အပြောနှင့်အလုပ်လက်တွေ့မကြဘဲပြည်သူကိုဒုက္ခရောက်ဖို့ လိမ်ညာပြီးဝင်လာတဲ့ စကမတွေကိုပြည်သူတွေကရွံကြောက်တွေ ကြောက်နေကြရပါပြီ” ဟု စစ်ဘေးရှောက်များကို အကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရွေးတုအစိုးရလက်အောက်ခံ စစ်ကြောင်းများက ပြီးခဲ့သည့် မေ ၂၀ ရက်ဝန်းကျင်မှ စတင်ကာ ကျေးရွာများအတွင်း သို့သန်းခေါင်စာရင်းကောက်မည်ဖြစ်၍ ဘာမှမလုပ်ဟုဆိုကာ ဝင်ရောက်လာသော်လည်း ဒေသခံများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများကို အဓမ္မယူဆောင်သွားခြင်း စသည်တို့ကို ပြုလုပ်နေခြင်းဖြစ်သည်။

 

ထို့ပြင် ပြီးခဲ့သည့်ဇွန်လအစမှ စတင်ကာ ချောင်းဂွရွာ၊ ဇီးတောရွာ၊ ထန်းပင်ကုန်းရွာ၊ ကျွန်းလှကုန်းရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံသောင်းနှင့်ချီ၍ စစ်ဘေးရှောင်တိမ်းနေရခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – ပေးပို့