နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ကို ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး နှစ်နိုင်ငံအရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ယမန်နေ့ ဇွန် ၁၅ ရက်နေ့ကတည်းက ရောက်ရှိနေသည့် ၎င်း၏ ယခုခရီးစဉ်အတွင်း အကျိုးတူ စီမံကိန်းများနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စကို အကြောင်းပြု၍ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းမှုများ တိုးမြှင့်ပုံဖော်လာနိုင်ကြောင်း အကဲခတ်များက သုံးသပ်ထားသည်။

“နိုင်ငံရေး၊ စီးပွားရေးကတော့ တရုတ်လက်ဝေခံ အနေအထားမျိုး ရောက်သွားလိမ့်မယ်။ တရုတ်ကို ပေးလို့ရတာ အကုန်ပေးပြီး စီးပွားရေးအကြောင်းပြု နိုင်ငံရေး၊ စစ်ရေးကိစ္စ ပူးပေါင်းတိုးမြှင့် ပုံဖော်လာမယ်လို့ မြင်တယ်” ဟု စစ်ရေးအကဲခတ် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုခရီးစဉ်အတွင်း ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် စီးပွားရေး၊ လုံခြုံရေးအပြင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ရွေးတုအစိုးရနှင့် တရုတ်အစိုးရတို့က ထုတ်ပြန်ထားသည်။
သို့သော် လက်တွေ့တွင်မူ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရလိုသော တရုတ် အစိုးရက ၎င်းတို့၏ အဓိကစီမံကိန်းများဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ မြစ်ဆုံကိစ္စအပါအဝင် နှစ်နိုင်ငံစီးပွားရေးစင်္ကြံစီမံကိန်းများ အမြန်ပြီးစီးရန် တွန်းအား ပေးနေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း တရုတ်ဘက်မှ နယ်စပ်တည်ငြိမ်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း (ERO) များအပေါ် စစ်ရေးအရ ဆက်လက်တိုက်ခိုက်ခြင်းမပြုရန် ဖိအားပေးဆွေးနွေးလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ် ဦးလှစိုးဝေက ထောက်ပြသည်။
“မင်းအောင်လှိုင်ဘက်ကလည်း ရှည်လျားလာနေတဲ့ ပြည်တွင်းစစ်ကြောင့် စစ်ရေးအရ အကျပ် အတည်းနဲ့ ရင်ဆိုင်နေရပြီဖြစ်လို့ တရုတ်ထံမှ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ (သို့မဟုတ်) လုံခြုံရေး ပူးပေါင်းမှုတွေ ပိုမိုရရှိဖို့ မျှော်လင့်ချက် ရှိနေတယ်” ဟု ဦးလှစိုးဝေက ဆိုထားသည်။
ရွေးတုသမ္မတသည် အာဏာသိမ်းမှုကြောင့် အာဆီယံနှင့် နိုင်ငံတကာ၏ ဖယ်ကြဉ်ခံရမှုမှ ရုန်းထွက် နိုင်ရန် ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် ယခုအခါ ကချင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်များ၊ စစ်ဘက်အရာရှိများကို ခေါ်ဆောင်ကာ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ရွေးတုသမ္မတသည် ၎င်းခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင် အပြင် ဝန်ကြီးချုပ် လီချန်၊ တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် သီးခြားစီ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်အုပ်စု သတင်းထုတ်ပြန်ရေး PPIB