ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ် မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးကို ရွေးတုအစိုးရက ထောင်ဗူးဝတွင်ပင် ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကျောက်ဖြူမြို့ခံ နိုင်ငံရေးအကျဉ်းသား ခုနစ် ဦးသည် ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံခဲ့ရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ရွေးတုအစိုးရလက်အောက် ခံရဲများက အကျဉ်းထောင်ဗူးဝတွင်ပင်လက်ထိတ်ခတ်၍ ခရိုင်တရားရုံးသို့ တိုက်ရိုက်ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူထံမှ သိရသည်။
အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော ရွေးတုအစိုးရသည် အဆိုပါ နိုင်ငံရေးအကျဉ်းသား ခုနစ် ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှစ်ခုဖြင့် ထပ်မံ၍ ထောင်ဒဏ် ၁၀ နှစ်စီ မတရားချမှတ်ခဲ့ကြောင်း သိရသည်။

“ဥပဒေပုဒ်မတွေကို လိုသလိုပုံဖော်ပီး ပြစ်ဒဏ်ချနေတာ။ တရားစီရင်ရေးကဏ္ဍ တာဝန်ရှိသူတွေကလဲ ကိုယ် တိုင်ချိုးဖောက်နေပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ဖိနှိပ်ချိုးဖောက်နေကြတယ်”ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ် ပြောဆိုသည်။
ထိုသို့ ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ခုနစ် ဦးလုံးမှာ ပြစ်ဒဏ် ကျခံပြီးဖြစ်သည့် အမှုအခင်းဟောင်းအပေါ်တွင်ပင် အခြေခံ၍ အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့ ခြင်းဆိုင်ရာ ပုဒ်မ ၅၀ (ည)၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ခြင်းဆိုင်ရာ ပုဒ်မ ၁၂ (က) စသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှစ်ခုဖြင့် ထပ်မံတရားစွဲဆိုကာ တစ်ဦးလျှင် နောက်ထပ် ထောင် ဒဏ် ၁၀ နှစ်စီ ကျခံစေရန် မတရားအမိန့်ချမှတ်ပြီး အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်မှုပုဒ်မများဖြင့် ထပ်မံဖမ်းဆီး ထောင်ချခံရသူ ကျောက်ဖြူမြို့ခံ ခုနစ် ဦးမှာ ဦးကျော်လှအောင် (စေတီတောင်ရပ်ကွက်) – ၂၀၂၆ ဧပြီ ၇ ရက်တွင် လွတ်ရက်စေ့ခဲ့သူ၊ ဦးမောင်မဲ (အသက် ၆၈ နှစ်၊ အလယ်ပိုင်းရပ်ကွက်)၂၀၂၆ မေ ၂၉ ရက်တွင် လွတ်ရက်စေ့ခဲ့သူ၊ ဦးမြဝင်း (အသက် ၄၆ နှစ်၊ တောင်ရင်းရပ်ကွက်) – ၂၀၂၆ မေ ၂၉ ရက်တွင် လွတ်ရက်စေ့ခဲ့သူ၊ ဦးသန့်ဇော်လင်း (ခ) အညာသား (အသက် ၄၅ နှစ်၊ ကုလားဘာတောင်ရပ်ကွက်) – ၂၀၂၆ ဇွန် ၁ ရက်တွင် လွတ်ရက်စေ့ခဲ့သူ၊ ဦးလမင်းဖြိုး (အသက် ၃၈ နှစ်၊ ကုလားဘာတောင်ရပ်ကွက်) – ၂၀၂၆ ဇွန် ၁ ရက်တွင် လွတ်ရက်စေ့ခဲ့သူ၊ ဦးထွန်းမင်းဖြိုး (အသက် ၃၄ နှစ်၊ ကုလားဘာတောင်ရပ်ကွက်) – ၂၀၂၆ ဇွန် ၁ ရက်တွင် လွတ်ရက်စေ့ခဲ့သူ၊ ဦးစောရန်နိုင် (အသက် ၃၉ နှစ်၊ အဖ ဦးခင်မောင်ဝင်း၊ အလယ်ပိုင်းရပ်ကွက်) – ၂၀၂၆ ဇွန် ၅ ရက်တွင် လွတ်ရက်စေ့ခဲ့သူတို့ ဖြစ်သည်။
ရွေးတုအစိုးရသည် ယခုလုပ်ဆောင်မှုသည် ၎င်းတို့၏ တည်ဆဲတရားစီရင်ရေး အခြေခံမူများကို ကျော်လွန်ကာ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ – နိုင်/ကျဉ်း ဦးစောရန်နိုင်၊ အလယ်ပိုင်းရပ်ကွက် ကျောက်ဖြူမြို့။