ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
ရုရှားတပ်ဖွဲ့ဟာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ ယူကရိန်းနိုင်ငံတစ်ဝန်းလုံးကို ဒရုန်းတွေ၊ ဒုံး ကျည်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ရပြီး၊ မြို့တော်ကိဗ်မှာရှိတဲ့ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သမိုင်းဝင် ဘုရားကျောင်းတစ်ကျောင်းလည်း မီးလောင်ကျွမ်းခဲ့ပါ တယ်။
ယူကရိန်း လေတပ်ရဲ့ ပြောပြချက်အရ ရုရှားဟာ မြို့တော်ကိဗ်နဲ့ အရှေ့ဘက် ခါကိဗ်ဒေသတွေ အ ပါအဝင် ပစ်မှတ်တော်တော်များများကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လူမှုကွန်ရက်မှာ ဖော်ပြချက်အရ မြို့တော်ကိဗ်က လူနေအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကိုက ၁၁ ရာစုကတည်းက တည်ထောင်ခဲ့တဲ့ Kyiv Pechersk Lavra ဘုရားကျောင်းဝင်းထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
ဒီဘုရားကျောင်းဟာ ၁၉၉၀ ပြည့်နှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ခဲ့တာဖြစ်ပြီး၊ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်မှာတော့ အန္တရာယ်ရှိနေတဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ကလစ်ချ်ကိုက လျှပ်စစ်မီးကြိုးတွေ ပျက်စီးသွားခဲ့တဲ့အတွက် မီးသုံးစွဲသူပေါင်း ၁ သိန်း ၄ သောင်း ကျော် လျှပ်စစ်မီးပြတ်တောက်သွားခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ မီးကို ငြှိမ်းသတ်နေရင်း ခါကိဗ်ဒေသမှာ အရေးပေါ်ကယ် ဆယ်ရေးဝန်ထမ်း ၅ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Russian strikes in Ukraine kill 9, World Heritage monastery set on fire