‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၅ရက်
‎ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ရှစ် ဦး သေဆုံးကာ သုံး ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းသတင်းဌာနများနှင့် ကယ်ဆယ် ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
‎ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် ထွက်ခွာလာသည့် အဆိုပါ စက်လှေသည် ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က ပုဏ္ဏားကျွန်း ကြိုးတံတားအနီး ကင်းချောင်းအရောက်တွင် ကျောက်ဆောင်နှင့်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
‎”ဦးရာဇ်တော်တောင်ကြိုးတံတားကို တိုက်မိလို့မှောက်တယ်လည်းပြောတယ်။ ကျောက်ဆောင်နဲ့ တိုက်မိတယ်လည်း ဆိုတယ်။ ကယ်ဆယ်ရေးလုပ်သူတွေ ရေထဲပျောက်နေသူတွေကိုရှာနေကြပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
‎စက်လှေပေါ်တွင် စုစုပေါင်း ခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး လတ်တလော ကယ်ဆယ်ရေး ရရှိထားသည့် အချက်အလက်များအရ ထိခိုက်မှုအခြေအနေမှာ အမျိုးသမီး ငါး ဦးနှင့် အမျိုးသား သုံး ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း သိရသည်။
‎အသက်အသက်ရှင်ကျန်ရစ်သူ ၂၄ ဦးအနက် ဒဏ်ရာပြင်းထန်သည့် အမျိုးသားသုံးဦးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှုပေးထားရသည်။
‎ယခုရက်ပိုင်းအတွင်း သံတွဲ၊ အမ်း၊ ရမ်းဗြဲ၊ စစ်တွေတို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းကျရောက်နိုင်၍ သတိထားနေထိုင်ကြရန် မိုးလေဝသပညာရှင်များက ကြေညာထားပြီး မြစ်၊ ချောင်းများ မြစ်ရေ တိုးနိုင်ကြောင်းလည်း ဆိုထားသည်။
‎ဓာတ်ပုံ-ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း