‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၅ရက်

‎ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်နှင့် သာပေါင်းစစ်မျက်နှာတွင် အထိနာနေသည့် ရွေးတုအစိုးရ စစ်တပ်က တိုက်ပွဲအတွင်းနှင့်တပ်ဖြန့်ထားသည့်နေရာများကို ကြည်းနှင့်ရေမှ အင်အားဖြည့်နေပြီး လေကြောင်းမှပါ ကင်းထောက်လာကြောင်း သိရသည်။

အင်အားအပြည့်ပါ စစ်သုံးကားကြီး ခြောက်စီးသည် ‎ယမန်နေ့ ဇွန် ၁၄ရက်နေ့က ပုသိမ်မှ ထွက်လာပြီး ငသိုင်းချောင်းဘက်ကို ငါးစီးဆက်တက်သွားသည်။ စက်ဒေါင့်ကြီးတွင် လက်နက်များအသင့်တပ်ဆင် ပေးထားသည့် တပ်ဖွဲ့ဝင် ၁၅ယောက်ကို ဗိုလ်အဆင့်ရှိသူက ဦးဆောင်ကာ ဘုရားကြီးရွာဘက် ထွက်ခွာသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

‎”မြေပြင်ကနေရော ရေကြောင်းကပါ အင်အားအလုံးအရင်းဖြည့်နေတယ်။ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေများတယ်။ ရှေ့ကချည်းပဲတက်ခိုင်းတာ ပစတွေကို” ဟု သာပေါင်း ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်၏ ကင်းထောက်လေယာဉ်များနှင့် တိုက်ခိုက်ရေး လေယာဉ်များသည် ‎ယခုရက်ပိုင်းအတွင်း နေ့စဉ် ခြိမ်းခြောက် ပျံသန်းမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

‎ရွေးတုအစိုးရစစ်တပ်က ပျဉ်းမထုံးအုပ်စု၊ ကွက်ပြင်အုပ်စုနှင့် တောင်ကွင်းအုပ်စုများမှ ဘော်မိချောင်း ဖျားဒေသတွင် သွားရောက်၍ တောင်တက် လုပ်ကိုင်စားသောက်နေကြသူများအားလုံး မနက်ဖြန် ဇွန် ၁၆ ရက် နောက် ဆုံးထား၍ ရွာတွင်းသို့ ပြန်လာကြရန် ယနေ့ ဇွန် ၁၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ဖိအားပေးပြောဆိုခဲ့ကြောင်း သိရသည်။

‎ဘောမိချောင်းဒေသ တင်ဆိပ်မှ တလကူအထိ ဧရိယာအတွင်းရှိ တောလုပ်ငန်းလုပ်ကိုင်ရာ နေရာများ အားလုံးမှ လူများ ချက်ချင်းဆင်းပေးရမည်ဖြစ်ပြီး လက်ရှိတွင် ထိုဒေသများသို့ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

‎ထို့အပြင် ရွေးတုအစိုးရစစ်တပ်သည် သဲဖြူ၊ ဝါးယား ဘက်သို့ ၂၇၁ တပ်ရင်း ပုသိမ်တပ်၊ ခလရ ၆၃ အိမ်မဲတပ်၊ ခလရ ၉၃ မြောင်းမြတပ် စသည့် တပ်ရင်းအသီးသီးမှ အင်အားများကို ရွှေ့ပြောင်းထား ပြီးဖြစ်သည်။

‎ထို့အပြင် ဘုရားကြီးဘက်သို့လည်း စစ်အင်အားများ ဖြည့်တင်းထားပြီးဖြစ်ရာ နှစ်ဖက်စစ်ကြောင်း ထိုးမည့် လက္ခဏာများ တွေ့ရှိနေရသဖြင့် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ကြောင်း သိရသည်။ ဘုရားကြီးကို အမာခံစစ်စခန်းအဖြစ်ထားရှိပြီး ရေကြည်မြို့နယ်အတွင်းမှ ကျေးရွာများကို လက်နက် ကြီးများအခြေတည်ရန် စစ်တပ်ကကြိုးပမ်းနေခြင်းဖြစ်သည်။

‎ပြီးခဲ့သည့် ဇွန် ၁၁ရက်နေ့တွင် AA ဘက်မှတပ်ပြေးလာသူဟုဆိုသည့် အမျိုးသားတစ်ဦးကို စိမ့်ကြီးရွာ တွင် စစ်တပ်ကဖမ်းဆီးသည့်သတင်းများထွက်ပေါ်ခဲ့ပြီး ယခုစုံစမ်းချက်အရ အဆိုပါအမျိုးသားမှာ စစ်တပ်ဘက်မှ စုံစမ်း‌ထောက်လှန်းရန် ထည့်ထားသူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)