ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်အကောင်အထည်ဖော်နေသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအနီးမှ နေအိမ်နှင့် ဈေးဆိုင်ခန်းများ မတရားဖျက်သိမ်းခံနေရပြီး အနီးစခန်းလေဆိပ်ရှေ့ လမ်းမကြီးကိုလည်း အဆင့်မြှင့်တင်ရန်အတွက် သစ်ပင်ကြီးများကို ခုတ်လှဲ နေကြောင်း သိရသည်။
လက်ရှိတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာအတွင်းရှိ မန္တလေး – လားရှိုးလမ်းဘေး၊ ပြင်ဦးလွင် မြို့၊ သုံးတောင်ရွာအဆင်းပိုင်းမှ နေအိမ်များနှင့် ဈေးဆိုင်တန်းများကို ဖျက်သိမ်းခိုင်းနေ ခြင်းဖြစ်ပြီး ရွေးတုအစိုးရဘက်က အစားထိုးမြေနေရာ ပြန်လည်ပေးအပ်ခြင်း လုံးဝမရှိကြောင်း အနီးစခန်းရှိ မြို့ခံများထံမှ သိရသည်။

“မနေ့ကပဲ အဲဒီမှာနေတဲ့ သူငယ်ချင်းပြောလို့ သိရတယ်။ ရတနာပုံစီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး အိမ်တွေ၊ ဆိုင်တွေ ဖျက်ရတာ။ တချို့အိမ်တွေဆို တံခါးကျီးဘောင်တွေပါ ဖြုတ်ထုတ်ထားပြီးပြီ၊ ဖြိုချဖို့ပဲ ကျန်တော့တယ်။ နေရာပြန်ပေးတာလည်း မရှိဘူး။ ပြင်ဦးလွင်မှာ ခဏခဏ ဖျက်ခိုင်းနေတာ၊ ပိုက်ဆံပေးနိုင်တဲ့နေရာကျ မဖျက်ရဘဲ အခုလိုနေရာကျတော့ အစားထိုးမပေးဘဲ ဖျက်ခိုင်းတယ်” ဟု အနီးစခန်းရှိ မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်မှုအဖြစ် လေဆိပ်အရှေ့ဘက်ရှိ မန္တလေး – လားရှိုးလမ်းကို လမ်းချဲ့ခင်းနေသဖြင့် လမ်းဘေးရှိ သစ်ပင်ကြီးများပါ ခုတ်လှဲခံလိုက်ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် အနီးစခန်းလေဆိပ်၊ လေယာဉ်ပြေးလမ်းကြောင်းချဲ့ရန်အတွက် လေဆိပ်ပတ်ဝန်းကျင်ရှိ မြေနေရာများကိုသိမ်းဆည်းရန်အသံထွက်ပေါ်နေသော်လည်း ရပ်ကွက်တစ်ခုလုံးပါ၊ မပါ သိရှိရခြင်းမရှိ သေးကြောင်း အနီးစခန်း၊ ရပ်ကွက်ကြီး (၁၇) တွင်နေထိုင်သူ တစ်ဦးက ဆိုသည်။
“အိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေပဲ။ လေဆိပ်အနီးမှာ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုလည်း ရှိတယ်။ လေဆိပ်ပတ်ဝန်းကျင် မြေတွေသိမ်းရင် ရပ်ကွက်တစ်ခုလုံး ပါ၊ မပါ မသိရသေးတော့ အဲဒီကျောင်းတွေ၊ အိမ်တွေ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်နေရတယ်” ၎င်းကပြောသည်။
ရွေးတုသမ္မတသည် ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင် အိန္ဒိယ နည်းပညာ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ မြေပြင်တွင် အတင်းအကျပ် ဖျက် သိမ်းမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။
စစ်အုပ်စုသည် ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကို နေ့စဉ် ခရီးသည် ၁၀၀၀ ခန့် ဝင်ထွက် သွားလာနိုင်မည့် လေဆိပ်ဖြစ်ရန် ပြင်ဆင်လျက်ရှိရာ အဆိုပါ စီမံကိန်းကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက လေဆိပ်ပတ်ဝန်းကျင်တွင် မတရားမြေသိမ်းယူမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်