‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၅ရက်

‎ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အထက်ဘက်ရှိ ကျေးရွာများကို ရွေးတုအစိုးရစစ်တပ်က Y12 လေယာဉ် ဖြင့် ဗုံးသီးအလုံးရေ ၇၀ နီးပါး ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များ ထံမှ သိရသည်။

ရွှေကူမြို့၏ အထက်ရွာဘက်ခြမ်းများကို ‎ယနေ့ ဇွန် ၁၅ရက် နံနက်ပိုင်းတွင် Y12 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိလည်း ငါးဘက်ကြီး၊ ပန်းတင် နှင့် တော်လှန်ရွာဘက် များမှ လက်နက် ကြီးပစ်ခတ်သံများကို အဆက်မပြတ် ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

‎”ရွှေကူ-စင်ခန်းဖြတ်လမ်းနဲ့ တော်လှန်ရွာဘက်တွေ ကြဲတယ်ကြားတယ်။ သေချာတော့မပြောနိုင်ဘူး၊ ပတ်ကြဲသွားတာဆိုတော့။ လူတွေကရှောင်ကုန်ကြလို့ ထိခိုက်မှုတော့မသိရဘူး။ ပတ်ကြဲနေတာ” ဟု ရွှေကူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ယမန်နေ့ ဇွန် ၁၄ရက်နေ့ကလည်း ပလောင်တောင်တက် ကိုင်းရွာများဘက်တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်များ မီးလောင်နေပြီး လူထိခိုက်မှုရှိကြောင်း သိရသည်။

နှစ်ဖက် ‎စစ်ရေးအခြေအနေ တင်းမာနေသော်လည်း ရွှေကူမြို့ပေါ်ရှိ အခြေအနေမှာမူ ပုံမှန်အတိုင်း ရှိနေပြီး လူဦးရေသွားလာမှု အနည်းငယ်‌လျော့နည်းသွားကြောင်း သိရသည်။ ထို့ပြင် စစ်ဘေးကြောင့် ပညာရေး ဆုံးရှုံးထားရသည့် ကျေးရွာဘက်မှ ကျောင်းသား၊ ကျောင်းသူအချို့မှာလည်း မြို့ပေါ်သို့ လာရောက်ကာ စာမေးပွဲ ဖြေဆိုနေကြသည်ကို တွေ့ရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ‎ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့က ပြည်သူများ မြို့တွင်းမှ ထွက်ခွာပေးရန် သတိပေးစာ ထုတ်ပြန်ထားခဲ့ပြီး ယနေ့တွင် ၈ ရက်မြောက်ရှိလာပြီ ဖြစ်သည်။ KIA ၏ ထုတ်ပြန်ချက်တွင် ဇွန် ၁၆ ရက်နေ့ကို နောက်ဆုံးထား၍ ထွက်ခွာရန် သတ်မှတ်ထားကြောင်းလည်း သိရသည်။

‎လက်ရှိအချိန်အထိ KIA ဘက်က မြို့ကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်းမျိုး လုပ် ဆောင်လာသည်ကို တွေ့ရှိရခြင်းမရှိသေးဘဲ ရွေးတုအစိုးရစစ်တပ်ဘက်ကမူ မြို့တွင်းနေရာ စိုးမိုးရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နှစ်ဖက်စစ်ရေးအရ ထိတွေ့တိုက်ပွဲငယ်အချို့သာ ရှိနေသေး ကြောင်း ဒေသတွင်း သတင်း များအရ သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်(ပုံဟောင်း)