ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

“ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် တောင်းယူခြင်းမဟုတ်သည့် အောက်ခြေပြည်သူမှ အသိ အမှတ်ပြု၊ လက်ခံသော တည်ဆောက်မှုဖြင့် ဖော်ဆောင်နေ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အသိပေးပြောကြားသည်။

ကရင်အမျိုးသားများ “ကော်သူးလေအစိုးရ” ဖွဲ့စည်းခြင်းနှင့် “ကော်သူးလေနေ့” ဖြစ်ပေါ်လာခြင်း (၇၇) နှစ်မြောက်နေ့ ကျရောက်သော ယမန်နေ့ ဇွန် ၁၄ ရက်၌ သဝဏ်လွှာ ပေးပို့ရာတွင် KNU ဥက္ကဋ္ဌက ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အောက်ခြေပြည်သူလူထုမှ မိမိတို့ ကော်သူးလေနယ်မြေ၊ အုပ်ချုပ်ရေးနဲ့ အစိုးရတို့ကို ကိုယ်တိုင် သတ်မှတ် လက်ခံခြင်း၊ အသိအမှတ်ပြုခြင်းဆိုတဲ့ ခိုင်မာအားကောင်းတဲ့ တည်ဆောက်မှုနဲ့ အကောင် အထည်ဖော်နေတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ကော်သူးလေတည်ထောင်မှုသည် လိုအင်ဆန္ဒ တစ်ခုတည်းဖြင့် တည်ဆောက်၍မရသော အတွေ့ အကြုံများ ရှိထားပြီး ဖြစ်ပေါ်တိုးတက်လာသော နိုင်ငံရေး၊ မိမိလူမျိုး အခြေအနေနှင့် ကိုက်ညီ၍ လက်တွေ့ကျသည့် တည်ဆောက်မှုရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

KNU အနေဖြင့် ရန်ကုန်မှ ဆုတ်ခွာရပြီးနောက် အချို့သော ခေါင်းဆောင်များသည် လိုအပ်ချက်များ အတွက် ၁၉၄၉ ခုနှစ်၊ ဇွန် ၁၄ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် တောင်ငူမြို့၌ ခေါ်ယူ၍ ကော်သူးလေအစိုးရ (KGB) ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအချိန်က အုပ်ချုပ်ရေးစီမံမှုများ ပြန်လည်ချမှတ်သလို KGB ဖွဲ့စည်း တည်ဆောက်ပုံလည်းရှိကာ ၎င်းတို့၏ ပထမဆုံး အစည်းအဝေးအား ၁၉၅၀ ခုနှစ်၊ ဧပြီ၌ ကျင်းပ၍ ကော်သူးလေအစိုးရ ဖွဲ့စည်း တည်ထောင်သော ဇွန် ၁၄ ရက်ကို “ကော်သူးလေနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် “တော်လှန်ရေးကာလ ကော်သူးလေပဋိဥာဉ်” အား အတည် ပြုခဲ့ပြီး “တော်လှန်ရေးကာလ ကော်သူးလေ အတိုင်ပင်ခံကောင်စီ” နှင့် “တော်လှန်ရေးကာလ ကော်သူး လေ အုပ်ချုပ်ရေးကောင်စီ” တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လူထုလုံခြုံရေး၊ စီးပွားရေးနှင့် အခြားသောရေးရာများ ဖြည့်ဆည်းပေးနိုင်မှုတို့အပေါ် အခြေခံ၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရှိ “ကော်သူးလေ” ဟူသည့် အသိအမှတ်ပြုခြင်းကို တည်ဆောက်သွားမည်ဟု KNU က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ – KNU