မင်းတပ်မြို့တွင်းတွင် CDFများ လာရောက်တိုက်ခိုက်မည်ကို ကြောက်လန့်၍ စစ်ကောင်စီကကင်းပုန်းများချထားကာ လုံခြုံရေးတင်းကြပ်ထား
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာလ ၁၄ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းတွင် CDF-Mindatက လာရောက်တိုက်ခိုက်ပစ်ခတ်မည်ကို ကြောက်လန့်၍ စစ်ကောင်စီတပ်က ကင်းပုန်းများချထားကာ လုံခြုံရေးတင်းကြပ်ထားပြီး လက်နက်အပြည့်အစုံဖြင့် မြို့တွင်းတွင် လှည့်လည်မှုများပြုလုပ်နေကြောင်းဒေသခံများထံမှ သိရသည်။
မယ်လည်ကုန်းတွင် CDF-Mindatနှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းတပ်မြို့၊ ၂၇၄ တပ်ရင်းနှင့် ကျောက်ထုအမြောက်တပ်တို့က မင်းတပ်မြို့နယ်ထဲတွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများဆက်တိုက်ပြုလုပ်နေသည်ဟုဒေသခံများက ဆိုသည်။
“မြို့ထဲကို လာရောက်တိုက်ခိုက်မှာကို ကြောက်ရွံ့တဲ့အတွက် စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံနဲ့ မြို့ပတ်နေတယ်၊ မြို့ထဲမှာ ကင်းပုန်းတွေ ချထားတယ်၊ ဟိုတလောက CDF-Mindatနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပြီးနောက် ရွာဘက်ကို လက်နက်ကြီးတွေ လှမ်းထုတယ်၊ နေအိမ်တစ်ချို့ ပျက်စီးသွားပါတယ်”ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက
ဧရာဝတီတိုင်းမ်ကို ပြောသည်။
မယ်လည်ကုန်းတွင် CDF-Mindat နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်များသည် မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ရေရှင်ရွာတွင် ရောက်ရှိနေကြပြီး ကျောက်ထု-တပြင်းကားလမ်းမကြီးအား ပြည်သူလူထုများအနေဖြင့် ဖြတ်သန်းသွားလာမှု မပြုလုပ်ကြရန် ဒေသကာကွယ်ရေးတပ်က ထုတ်ပြန်ထားကြောင်း သိရသည်။
ဓာတ်ပုံ – HKL Mindat
#မင်းတပ် #CDF #တိုက်ခိုက် #စစ်ကောင်စီ #လုံခြုံရေးတင်းကြပ်
#Ayeyarwaddy_Times