သာကေတ ကမာကြည်တံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို အမျိုးသားတဦးခုန်ချ

ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သာကေတနှင့်သုဝဏ္ဏကို ဆက်သွယ်ထားသည့် ကမာကြည်တံတား ပေါ်မှ စက်တင်ဘာလ ၁၄ ရက်နေ့ ယနေ့မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် အမည်မသိအမျိုးသားတစ်ဦး ငမိုးရိပ်ချောင်း ထဲသို့ ခုန်ချသွားခဲ့ကြောင်း သာကေတမြို့နယ် လူငယ်ပရဟိတအသင်းအဖွဲ့ဝင် တစ်ဦး၏ပြောပြချက်အရ သိရသည်။

တံတားပေါ်သို့ စက်ဘီးစီးလာပြီးနောက် စက်ဘီးအားရပ် တန့်ခဲ့ကာ ခုန်ချသွားခဲ့ခြင်းဖြစ်ပြီး ခုန်ချသွားသူမှာ မည်သူဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ခုန်ချသွားသည်ကိုမသိရသေးကြောင်း ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ဝင် ၁ ဦးကပြောသည်။

” ဘယ်ကလဲတော့ခုထိမသိရသေးပါဘူး။သူ့စက်ဘီးလေးနဲ့ကိုလာပြီး ခုန်ချတာ။ လူတွေက ငတ်ပြတ်နေပြီဗျ။ ဘယ်လိုအခက်အခဲတွေကြောင့်လည်းတော့ မသိဘူး။ ဒီမနက် ၁၀ နာရီ ၁၅မိနစ်အချိန် လောက်မှာ သိရတာပါ” ဟု ပရဟိတအဖွဲ့ဝင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အမျိုးသားခုန်ချသွားခဲ့ပြီးနောက် တံတားပေါ်တွင် ၄င်း၏ စက်ဘီး၊ စီးကရက်ဘူးတစ်ဘူး၊ မီးခြစ်တစ်လုံး၊ ဦးထုပ်တစ်လုံးနှင့် သောက်ပြီးသား အအေးတစ်ဘူးတို့ ကျန်ရစ်ခဲ့သည်ကို တွေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမျိုးသားအား ရှာဖွေရေးလုပ်ငန်းလုပ်ဆောင်နေသော်လည်း ယနေ့နေ့ခင်းပိုင်း အထိတွေ့ရှိခြင်းမရှိသေးကြောင်း ပရဟိတအဖွဲ့ဝင်များ ထံကသိရသည်။

ဩဂုတ်လနောက်ဆုံးပတ်အတွင်းကလည်း ပြည်မြို့မှ အသက် ၂၄ နှစ်အရွယ် မိခင်နှင့် အသက် ၃ နှစ် အရွယ် သမီးဖြစ်သူတို့ ဧရာ၀တီမြစ်အတွင်းသို့ခုန်ချခဲ့ပြီးနောက် ၁ ရက်အကြာတွင်လည်း ရန်ကုန်မြို့ အင်းယားကန်အတွင်းသို့ အမျိုးသား ၁ ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

#AyeyarwaddyTimes