အိမ်ဆောက်ပစ္စည်းဈေး အဆမတန်မြင့်တက်၍ ဆောက်လက်စအဆောက်အဦးတချို့ ရပ်တန့်နေပြီး အိမ်ရှင်တချို့ ဈေးပြန်အကျကို စောင့်ဆိုင်းနေ

အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်

(ပြည်) စက်တင်ဘာလ ၁၄ ရက်

အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်နေ၍ ပဲခူးတိုင်း၊ ပြည်မြို့နယ်မှ အိမ်ရှင်တချို့မှာ ဆောက်လက်စ အဆောက်အဦးများကို တည်ဆောက်မှုရပ်တန့်ထားပြီး ဈေးပြန်ကျမည့်အချိန်ကို စောင့်နေကြောင်း ‌သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမြင့်မားခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ပြည်တွင်းငွေကြေးတန်ဖိုး လျော့ကျလာပြီး ပြည်တွင်းနှင့်ပြည်ပမှ မှာယူတင်သွင်း‌သည့် အိမ်ဆောက်ပစ္စည်းများ၏ ဈေးမှာ အဆမတန် မြင့်တက်ရခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

“ဟိုတစ်လောက ဒေါ်လာဈေးတွေ ထိုးတက်နေချိန်မှာ မှာမရတဲ့ ပစ္စည်းတွေကို အရောင်းပိတ်ထားရတယ်။ ပစ္စည်းလက်ကျန်တွေကျတော့ အချိန်နဲ့အမျှ ဈေးကပြောင်းနေတော့ အရောင်းအဝယ်လုပ်ရတာ အဆင်မပြေဘူး။ အခု ဒေါ်လာဈေးနည်းနည်းငြိမ်နေလို့ အရောင်းအဝယ်ပြန်ဖြစ်တာပါ။ အိမ်ဆောက်ပစ္စည်း မှန်သမျှ ဈေးအကုန်တက်တယ်။

အိမ်သုတ်ဆေးကအစပေါ့”ဟု ပြည်မြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင် အရပ်သား NLD ဒီမိုကရေစီအစိုးရလက်ထက်က နိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၄၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ဗဟိုဘဏ်သတ်မှတ်နှုန်းထားမှာ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်မှုကြောင့် ပြည်မြို့နယ် အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကအိမ်ပိုင်ရှင်များမှာ မြင့်မားသော ဈေးနှုန်းများဖြင့် နေအိမ်များ ဆောက်လုပ်ခဲ့ရပြီး အိမ်ဆောက်စရိတ်ကုန်ကျမှုများ ပိုမိုများပြားခဲ့သည်။

သုံးမူးအပြည့်သံချောင်းမှာ ယခင် ၆၈၀၀ကျပ်မှ ယခု ၁၂၀၀၀ကျပ်ကျော် ၊ငါးမူးအပြည့် သံချောင်းမှာ ယခင် ၈၀၀၀ကျပ်ကျော်မှ ယခု ၂၀၀၀၀ကျပ်ကျော်ကျသင့်နေပြီး အုတ်ကြွပ်ဈေးမှာလည်း ယခင် ၁၀၀၀၀ကျပ်စွန်းစွန်းမှ ယခု ကျပ် ၂၀၀၀၀ကျပ်အထိ မြင့်တက်လျက်ရှိသည်။ထို့အပြင် အထပ်သားပြားနှင့် အခြားအိမ်ဆောက်ပစ္စည်းများမှာလည်း

နှစ်ဆကျော်မြင့်တက်လျက်ရှိသည်။အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ တစထက်တစ ပိုမိုမြင့်တက်လာသဖြင့် ပြည်မြို့နယ်မှ နေအိမ်ပိုင်ရှင်တချို့မှာ ဆောက်လက်စအဆောက်အဦးများကို တည်ဆောက်မှုရပ်တန့်ထားပြီး ဈေးပြန်ကျမည့်အချိန်ကို စောင့်ဆိုင်း နေကြကြောင်း သိရသည်။

“အစ်မတို့ အိမ်ဆောက်နေတာ ဒေါ်လာဈေးမတက်ခင်ကတည်းကပဲ။ ဒေါ်လာဈေးတက်တော့ အိမ်ဆောက် ပစ္စည်းတွေ ဈေးတက်လာတယ်။ အဆောက်အဦးက ပြီးတော့မယ်ဆိုတော့ မထူးပါဘူးလေဆိုပြီး တက်ဈေးအတိုင်း ဝယ်သုံးရတာပဲ။ အစ်မသူငယ်ချင်းတစ်ယောက်ဆို သူဆောက်လက်စအဆောက်အဦးကို ဆက်မဆောက်တော့ပဲ

ဈေးကျမှပြန်ဆောက်တော့မယ်တဲ့။ အခုက ဘိလပ်မြေတို့၊ သံချောင်းတို့၊ မီးခံအုတ်ကြွပ်တို့ကအစ အကုန်ဈေးတက်နေတာ။ ဒီလိုအခြေအနေမျိုးမှာက သိန်းတစ်ရာလောက် ကုန်မယ်မှန်းတဲ့အဆောက်အဦးက သိန်းနှစ်ရာလောက်ကုန်သွားနိုင်တာပေါ့”ဟု ပြည်မြို့မှ အဆောက်အဦးဆောက်လုပ်နေဆဲ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ခြင်း၏ အကျိုးဆက်များအရ ပြည်ပမှ မှာယူတင်သွင်းနေသည့်‌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများသာမက ပြည်တွင်းထွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

#Ayeyarwaddy_Times