ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
မကြာခင်ရောက်ရှိလာမည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှု ( ROSE Movement: Roses of Hope) တွင် အများပြည်သူများနှင့်အတူတကွ ပါဝင်ရန်ဖိတ်ခေါ်ထားသည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ “နှင်းဆီလှုပ်ရှားမှု” ကို ပြည်လုံးကျွတ်လှုပ်ရှား ပါဝင် ကြမည်ဖြစ်ကြောင်း People Movement Platform(ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း) ထံမှသိရသည်။

နှင်းဆီလှုပ်ရှားမှုအဖြစ် နှင်းဆီပန်း ( သို့မဟုတ်) အခြားပန်းတစ်မျိုးမျိုးကို ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန်ပန်းပေးဝေခြင်း စသည့်လှုပ်ရှားမှုများ ပြုလုပ်ရန်ဖြစ်သည်။
“ပန်းကိုကြောက်တဲ့သူတွေကြောင့် မနှစ်ကလည်းနှင်းဆီပန်းပန်တဲ့ အမျိုးသမီးတွေ အဖမ်းခံရ သေးတယ်။ ဒီနှစ်လည်း ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ပြီးတော့ ပါဝင်စေချင်ပါတယ်။ ပန်းပုံလေး ပဲတင်တာမျိုးပေါ့။ အန်တီ့အတွက် တစ်နေရာကနေတော့ ပါဝင်စေချင်ပါတယ်။ ကျွန်မတို့သဘောထား ကိုပြဖို့” ဟု တော်လှန်ပြည်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
“နှင်းဆီလှုပ်ရှားမှု” အဖြစ် ပန်းကိုင်ဆောင်ထားသည့် ပန်းဓာတ်ပုံများကို လူမှုကွန်ရက်မီဒီယာများပေါ် တွင် တင်ခြင်းဖြင့် အွန်လိုင်းကမ်းပိန်းပါဝင်နိုင်ပြီး မြေပြင်သပိတ်လှုပ်ရှားမှုများတွင်လည်း နှင်းဆီပန်း များ ကိုင်ဆောင်ပြီးပါဝင်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်း ပြည်သူ့လှုပ်ရှားမှု ပလက်ဖောင်း က ဆိုထားသည်။

အာဏာသိမ်းစစ်အုပ်၏ မတရားဖိနှိပ်မှု၊ အဓမ္မစစ်မှုထမ်းခိုင်းမှုအပါအဝင် ဟန်ဆောင်နိုင်ငံရေး အခြေအနေများကို ပြည်သူလူထုက လုံးဝလက်မခံကြောင်းပြသရန်အတွက် ယခုလှုပ်ရှားမှုတွင် ပါဝင်ရေးဖိတ်ခေါ်လျက်ရှိသည်။
စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပင် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံခဲ့ရပြီး အသက်ရှင်တည်ရှိနေမှုကိုလည်း ထိမ်ချန်ထား သဖြင့် Proof of life ကမ်းပိန်းကို သားဖြစ်သူ ကိုထိန်လင်းဦးဆောင် တောင်းဆိုလျက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်