ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ရွေးတုအစိုးရစစ်တပ်သည် နိုင်ငံအနှံ့ စစ်ရေးပြင်းထန်နေသည့် ဒေသများကို အင်အားအလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်နိုင်ရန်အတွက် အဓမ္မပေါ်တာဆွဲ စုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းကို အလုံးအရင်းဖြင့် တွန်းပို့၍ အသုံးချကာ စစ်ရေးပုံဖော်လာကြောင်း စုံစမ်းသိရှိရသည်။
စစ်အုပ်စုက ၎င်းတို့၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း စစ်မှုထမ်းအမှတ်စဉ် (၂၅) ခုအထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကာ ယခုအခါ အမှတ်စဉ် (၂၃) အထိ သင်တန်း ဆင်းပေး၍ ရှေ့တန်းစစ်မျက်နှာပြင်များသို့ အတင်းအကျပ် စေလွှတ်လိုက်ပြီ ဖြစ်သည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (MDSI) ၏ ထုတ်ပြန်ချက်အရ စစ်တပ်သည် စစ်မှုထမ်း ဥပဒေကို အသုံးချကာ လစဉ်ပျမ်းမျှ စစ်မှုထမ်းတပ်သားသစ် ၄,၇၀၀ ခန့်နှင့် အခြေခံတပ်သားသစ် ၄၀၀ ဝန်းကျင်အထိ ဖမ်းဆီးစုဆောင်းခဲ့သဖြင့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်းမှာတင် စစ်မှုထမ်းတပ်သား ၆၀,၀၀၀ ကျော်အထိ အဓမ္မစုဆောင်းရရှိခဲ့သည်။

အဆိုပါ စုဆောင်းရရှိမှု အရေအတွက်သည် စစ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ ပြည့်နှစ်က စုဆောင်း ရရှိသည့် စစ်အင်အားထက် ခြောက်ဆအထိ မြင့်တက်များပြားနေခြင်း ဖြစ်သည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်၏ ခြေလျင်တိုက်ခိုက်ရေးတပ်များ၌ မြေပြင်စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းအထိ ကို ယခုစစ်မှုထမ်းတပ်သားသစ်များဖြင့် တွန်းပို့လှုပ်ရှားစေနေပြီး ၎င်းတပ်သားသစ် များကို အဓိကအခြေပြုကာ နိုင်ငံတစ်ဝန်း တန်ပြန်ထိုးစစ်များကို ဖော်ဆောင်နေခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုမတိုင်ခင်က စစ်တပ်၏ နှစ်စဉ်လူသစ်စုဆောင်းရရှိမှုမှာ ၁၉၉၅ ခုနှစ်မှစ၍ ၅ နှစ်တစ်ဖြတ်စီအတွင်း နှစ်စဉ် တပ်သားသစ် ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့သော်လည်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးတည်ငြိမ်လာမှုများကြောင့် စစ်တပ်ထဲ ဝင်ရောက် သူ သိသိသာသာ နည်းပါးသွားခဲ့ကာ တစ်နှစ်လျှင် ၁၅,၀၀၀ အောက်အထိ လျော့ကျသွားခဲ့သည်။
ထို့ပြင် တပ်ပြေး၊ ထုတ်ပယ်၊ ထွက်ခွင့်၊ ကျဆုံးနှင့် သေဆုံးမှု စသည့် နှစ်စဉ်ပြုန်းတီးအင်အားမှာ ပျမ်းမျှ ၁၂,၀၀၀ ကျော်အထိ ရှိခဲ့သဖြင့် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်၏ ပြုန်းတီးအင်အားက စုဆောင်း ရရှိသည့် အင်အားထက် ပိုမိုများပြားနေခဲ့သည်။
ထိုစဉ်ကတည်းက စစ်တပ်အတွင်း ဝင်ရောက်ရန် လူပွဲစားများဖြင့် အရောင်းအဝယ်လုပ်ခြင်း၊ ငွေကြေး ဖြင့် စည်းရုံးခြင်းများ လုပ်ဆောင်ကာ နည်းလမ်းမျိုးစုံဖြင့် အောက်ခြေတပ်များကို ဖိအားပေးစုဆောင်း စေခဲ့သော်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် လူသစ်ရရှိမှုမှာ ၁၀,၀၀၀ ဝန်းကျင်အထိ ထပ်မံ လျော့ကျခဲ့ရသည်။
ထိုကဲ့သို့ စစ်အင်အား လျော့ကျပြုန်းတီးနေချိန်တွင် မတရားအာဏာသိမ်းလိုက်သည့် အကျိုးဆက် ကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့် တိုက်ပွဲများ ဖြစ်ပွားလာရာ အာဏာသိမ်းစစ်အုပ်စုသည် အင်အားသစ် အသည်းအသန် လိုအပ်ချက်ကြောင့် စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ် အသုံးချ၍ ပြည်သူများကို အဓမ္မဖမ်းဆီး လူသစ်စုဆောင်းခဲ့သည်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အာဏာတည်မြဲရေး အကျိုးစီးပွားအတွက် ပြည်သူအချင်းချင်း ပြန်လည်ထိပ်တိုက်ရင်ဆိုင်စေသည့် စစ်နည်းဗျူဟာ ကို အသုံးချကာ ပြည်သူ့ ရင်သွေးများကို ဓားစာခံများသဖွယ် စစ်မြေပြင်သို့ တွန်းပို့နေကြောင်း MDIS က သုံးသပ်ထားသည်။
ပုံစာ-ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းခံထားရသူများ။