ဧရာဝတီတိုင်းမ်
ဇွန် ၁၄ရက်
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ်အစပ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ရွေးတု အစိုးရစစ်တပ်က အထိနာနေသည့်အတွက် ကျေးရွာများကို စီးနင်းကာ လက်နက်ကြီးစခန်းများ အခြေချလာနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် ပုသိမ်မြို့မှနေ၍ ဇက်ရေယာဉ်ပေါ်၌ လက်နက်ကြီးများနှင့် စစ်သုံးကားအချို့ကို မိုးကာစများအုပ်၍ မြစ်ကြောင်းအတိုင်း သယ်ဆောင်လာရာ ယနေ့ ဇွန်လ ၁၄ ရက်တွင် ရေကြည်မြို့နယ်၊ စက်ဒေါင့်ကြီးကျေးရွာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
“ဇက်ပေါ်မှာ အမြောက်ကြီးတွေ၊ တင့်ကားတွေကို တာပေါ်လင်မိုးကာစတွေနဲ့ အသေအချာအုပ်ပြီး သယ်လာတာ။ အခု စက်ဒေါင့်ကြီးကနေတစ်ဆင့် အထက်ဘက်ကို ဆက်တက်သွားနေတယ်” ဟု သာပေါင်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်က တပ်စွဲထားသည့် ဘုရားကြီးကျေးရွာကို အမာခံဗဟိုစခန်းအဖြစ် ထားရှိပြီး၊တပ်ဖြန့်ထားသည့် ရွှေရင်မျှော်ကုန်းနှင့် မရမ်းချိုကျေးရွာတို့ကို ကာကင်းစခန်းများအဖြစ် အခြေပြုထားသည်။ ထို့ပြင် မြေရဲနှင့် ကမ္ဘားနီကျေးရွာဘက်တွင်လည်း စစ်တပ်၏ အမြောက် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးအမြောက်ကြီးများ နေရာချကာ တပ်စွဲထားကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်မှ ဇွန်လ ၁၂ ရက်အတွင်း စစ်သုံးကားကြီး ကိုး စီးဖြင့် ရေကြည်နှင့် သာပေါင်းမြို့နယ်များသို့ စစ်အင်အား ဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
တပ်ဖြန့်နေရာယူထားသည့် ဘုရားကြီးစခန်းမှ တပ်ဖွဲ့ဝင်များကိုလည်း တိုက်ပွဲများ ပြင်းထန်နေသည့် ရေကြည်အမြောက်တပ်အနောက်ဘက်နှင့် ရိုးမခြေဘက်ရှိ ရွာများသို့ ရှေ့တန်းစစ်ကူ စေလွှတ် နေသည့်အတွက် စစ်သားများမှာ သေရမည်ကို ကြောက်လန့်ကာ ဘုရားကြီးအမာခံစခန်း မှနေ၍ အစုလိုက်ထွက်ပြေးမှုများ ရှိနေကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့က ဘုရားကြီးစခန်းမှ ထွက်ပြေးသွားသည့် ရွေးတုအစိုးရစစ်သား ၁၂ ဦးကို စစ်တပ်က ပြန်လည်ဖမ်းဆီးရမိပြီးနောက် ကြိုးဖြင့် သီတန်းချည်နှောင်ကာ စက်ဒေါင့်ကြီးကျေးရွာ မှတစ်ဆင့် ကားများဖြင့် ပြန်လည်ခေါ်ထုတ်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုသို့ အစုလိုက်ထွက်ပြေးသူများကို စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည့်အတွက် ထွက်ပြေး သည့်စစ်သားအချို့ ဒဏ်ရာအပြင်းအထန်ရရှိခြင်းနှင့် သေဆုံးခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)