ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇွန် ၁၄ ရက်)
လူဆိုတာ အမှားနဲ့တော့ မကင်းကြပါဘူး။ ကိုယ်တိုင်ပြုခဲ့မိတဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ ရလဒ် တွေကိုလည်း ကိုယ်တိုင်ပဲ ရင်ဆိုင်ကြရမှာပါ။
အထူးသဖြင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ ခေတ်နောက်ကျနေတဲ့ အတွေးအခေါ် အလွဲအမှားတွေကို အခုထိ ယုံကြည်ကျင့်သုံးနေကြတုန်းပါပဲ။ ဒါကြောင့်လည်း မလိုလားအပ်ဘဲ ကျန်းမာရေး ထိခိုက်တာတွေ၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ရတာတွေနဲ့အတူ အန္တရာယ်ရှိတဲ့ သားပျက်သားလျှောမှုတွေကြောင့် နှစ်စဉ် အမျိုးသမီးတွေ အသက်ဆုံးရှုံးနေကြရဆဲ ဖြစ်ပါတယ်။
ဒီလို မလိုလားအပ်တဲ့ မျိုးဆက်ပွား နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့အတွက် “အရေးပေါ် သန္ဓေတားနည်းလမ်း (Emergency Contraception)” တွေကို လူတိုင်း နားလည်ထားဖို့ တကယ့်ကို လိုအပ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ ကွန်ဒုံးပေါက်ပြဲသွားတာမျိုး၊ ဒါမှမဟုတ် နေ့စဉ်သောက် သန္ဓေတားဆေး သောက်ဖို့ မေ့သွားတာမျိုးစတဲ့ အရေးပေါ် အခြေအနေ တွေမှာ ကိုယ်ဝန်မရရှိစေဖို့အတွက် အချိန်မီ အသုံးပြုရမယ့် “နောက်ဆုံးခံတပ် နည်းလမ်းတွေ” ဖြစ်ပါတယ်။ ဒါ့အပြင် အတင်းအဓမ္မ စော်ကားခံရတဲ့ မုဒိန်းမှုသားကောင် ဖြစ်ရရှာတဲ့ အမျိုးသမီးတွေ ကိုလည်း မလိုလားအပ်တဲ့ သန္ဓေမရရှိအောင် အရေးပေါ် သန္ဓေတားဆေးတွေနဲ့ အချိန်မီ ကူညီကုသ ပေးရပါတယ်။
ဒီအရေးပေါ် သန္ဓေတားနည်းလမ်းတွေနဲ့ ပတ်သက်ရင် အိမ်ရှင်မတွေ၊ လူငယ်တွေနဲ့ အများပြည်သူ တွေအကြားမှာ ရှက်ရွံ့ပြီး မမေးရဲကြတာကြောင့် သတင်းအမှားတွေ၊ လွဲမှားတဲ့ နည်းလမ်းတွေကို ရွေးချယ်မိတာတွေ အလွန်များနေတာ တွေ့ရပါတယ်။
ဒါကြောင့်မို့လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စိတ်ချရတဲ့ အရေးပေါ် သန္ဓေတားနည်းလမ်း သုံး မျိုးအကြောင်းကို ကွယ်ဝှက်ထားခြင်းမရှိဘဲ ဆရာဝန်တစ်ယောက်ရဲ့ စေတနာနဲ့ ရိုးရိုးရှင်းရှင်း ပြည့်ပြည့်စုံစုံ ရှင်းပြပေးလိုက်ပါတယ်ခင်ဗျာ။
အရေးပေါ် သန္ဓေတားနည်းလမ်း ၃ သွယ်
လိင်ဆက်ဆံမှု ပြုလုပ်ပြီးနောက် မလိုလားအပ်ဘဲ ကိုယ်ဝန်မရစေဖို့ စိတ်ချလက်ချ ကာကွယ်ပေးနိုင်တဲ့ ဆေးပညာရပ်ဆိုင်ရာ နည်းလမ်း ၃ မျိုး ရှိပါတယ်။ အရေးပေါ် အခြေအနေဖြစ်တဲ့အတွက် ဆက်ဆံပြီး ပြီးချင်း အမြန်ဆုံး အသုံးပြုနိုင်လေလေ ထိရောက်မှု မြင့်မားလေလေ ဖြစ်ပြီး အချိန်မီ သုံးစွဲနိုင်ဖို့က အဓိက သော့ချက်ပါပဲ။
နည်းလမ်း(၁)
အရေးပေါ် သန္ဓေတားဆေး (Emergency Contraceptive Pills – ECPs)
ဒါကတော့ အများစု အသုံးအများဆုံးနဲ့ အလွယ်ကူဆုံး “အရေးပေါ် သောက်ဆေး” ဖြစ်ပါတယ်။ စျေးကွက်ထဲမှာ Levonorgestrel ပါဝင်တဲ့ အရေးပေါ်သန္ဓေတားဆေးကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။
ဆေးရဲ့အာနိသင်က မမျိုးဥအိမ်ကနေ မမျိုးဥကြွေမယ့်အချိန်ကို နောက်ဆုတ်ပစ်လိုက်တာ (Delay Ovulation) ဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် လိင်မှုကိစ္စဖြစ်ပြီးနောက် ၇၂ နာရီ (၃ ရက်) အတွင်း သောက်ရပါမယ်။ ဆက်ဆံပြီးပြီးချင်းအစောဆုံး ၂၄ နာရီအတွင်း သောက်ရင် ထိရောက်မှု အမြင့်ဆုံး ဖြစ်ပြီး၊ အချိန်ကြာလာလေလေ ထိရောက်မှု လျော့နည်းလေလေ ဖြစ်ပါတယ်။
အရေးပေါ် သန္ဓေတားဆေးကတ်ထဲမှာ ဆေးတောင့် ၁ လုံးတည်း ပါတဲ့အမျိုးအစားဆိုလျှင် ၁ လုံးတည်း ချက်ချင်းသောက်ပါ။
၂ လုံးပါတဲ့ အမျိုးအစားဆိုလျှင် ပထမ ၁ လုံးကို ချက်ချင်းသောက်ပြီး၊ ဒုတိယ ၁ လုံးကို နောက်ထပ် ၁၂ နာရီအကြာမှာ ထပ်သောက်ရပါမယ်။
နည်းလမ်း (၂)
အာနိသင်မြင့် အရေးပေါ်သန္ဓေတားဆေး (Ulipristal Acetate) ပါဝင်သောသန္ဓေတားဆေး
အရေးပေါ်သောက်ဆေးတစ်မျိုးပဲ ဖြစ်ပေမယ့် ပထမနည်းလမ်းထက် ကာကွယ်ပေးတဲ့အချိန်ပိုမိုရရှိပြီး ၅ ရက်အတွင်း သန္ဓေတားအာနိသင်ပြနိုင်တဲ့ အဆင့်မြင့်ဆေးပြား ဖြစ်ပါတယ်။
မမျိုးဥကြွေခြင်းကို တားဆီးပေးတာဖြစ်ပြီး ပထမဆေးထက် ပိုမိုပြင်းထန်ကာ ကိုယ်အလေးချိန်များတဲ့ (ဝတဲ့) အမျိုးသမီးတွေမှာပါ ဆေးစွမ်းထိရောက်မှု မကျဘဲ အာနိသင်ရှိပါတယ်။ အချိန်ကာလအားဖြင့် လိင်မှုကိစ္စအပြီး ၁၂၀ နာရီ (၅ ရက်) အတွင်း အချိန်မရွေး သောက်သုံးနိုင်ပြီး ၅ ရက်မြောက်နေ့အထိ သန္ဓေတားနိုင်စွမ်းလျော့မသွားဘဲ အာနိသင်ကောင်းတယ်လို့ ဆိုကြပါတယ်။
သောက်သုံးတဲ့အခါမှာလည်း ဆေး ၁ လုံးတည်းသာ သောက်ရန် လိုအပ်ပါတယ်။ (မြန်မာနိုင်ငံမှာတော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်သလို နေရာတိုင်းမှာလည်း ဝယ်ယူရနိုင်ဖို့ မလွယ်ကူပါဘူး)
နည်းလမ်း (၃)
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (Copper IUD)
အထိရောက်ဆုံးနည်းလမ်း နဲ့ ကုသပေးတဲ့ဆရာဝန်တွေ အကြိုက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ လူသိနည်း ပေမယ့် အရေးပေါ် သန္ဓေတားနည်းလမ်းတွေထဲမှာ အထိရောက်ဆုံးနှင့် သေချာဆုံး နည်းလမ်းပါပဲ။ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့် ပစ္စည်းလေး (Copper IUD) ဖြစ်ပါတယ်။
IUD အလုပ်လုပ်ပုံက သုက်ပိုးရဲ့ လှုပ်ရှားမှုကို ဖျက်ဆီးပစ်ပြီး သားအိမ်နံရံမှာ သန္ဓေတည်ခြင်းမရှိအောင် တားဆီးပေးပါတယ်။
အချိန်ကာလအားဖြင့် ဆိုရရင်လည်း လိင်ကိစ္စပြီးနောက် ၁၂၀ နာရီ (၅ ရက်) အတွင်း ဆေးရုံ/ဆေးခန်းသို့ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ဆရာဝန်ကိုယ်တိုင် သားအိမ်တွင်းသို့ ထည့်သွင်း ရပါမယ်။
ကိုယ်ဝန်မရအောင် ၉၉% အထိ အာမခံချက်ရှိရှိ ကာကွယ်ပေးနိုင်တဲ့အပြင် အရေးပေါ်အခြေအနေ ပြီးသွားရင်လည်း ပြန်မထုတ်မချင်း နောက်ထပ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ပုံမှန်သန္ဓေတားပစ္စည်းအဖြစ် ဆက်လက် အကာအကွယ် ပေးသွားနိုင်တာပဲ ဖြစ်ပါတယ်။
အရေးပေါ် သန္ဓေတားဆေး သုံးစွဲသူများ မဖြစ်မနေ သိထားရမှာက အရေးပေါ်သောက်ဆေး သောက်ပြီး နောက် ၂ နာရီ ၃ နာရီအတွင်း ပြန်အန်ထွက်သွားပါက ဆေးအာနိသင် မရရှိနိုင်တော့တာကြောင့် ဆေး နောက်တစ်ကြိမ်ချက်ချင်း (ထပ်မံ) သောက်ရပါမယ်။
သောက်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကလည်း ပျို့ခြင်း၊ ခေါင်းမူးခြင်း၊ ရင်သားနာကျင်ခြင်းနှင့် ဗိုက်ရစ်နာခြင်းတို့ ဖြစ်တတ်ပါတယ်။ နောက်လ ရာသီသွေးဆင်းရမည့်ရက်သည် ပုံမှန်ထက် စောခြင်း၊ နောက်ကျခြင်း (သို့မဟုတ်) သွေးဆင်းနည်းခြင်း/များခြင်း စတဲ့ ရာသီမမှန်မှုမျိုး ခေတ္တဖြစ်တတ်ပါတယ်။
ဒီဆေးတွေက ကိုယ်ဝန်ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိသွားပြီးသား အခြေအနေ (သန္ဓေတည် ပြီးသား) ကိုတော့ ဒီဆေးတွေက ဖျက်ချပေးနိုင်စွမ်း မရှိပါဘူး။ ကိုယ်ဝန်မရှိခင် ကြိုတင်တားဆီးပေးတဲ့ ဆေးသာ ဖြစ်ပါတယ်။
အရေးပေါ် သန္ဓေတားဆေးဆိုတာ ပုံမှန်သောက်ရန် မဟုတ်ပါဘူး။အရေးပေါ်သန္ဓေတားဆေး (Emergency Pills) တွေကို တစ်လအတွင်း ခဏခဏ သောက်တာမျိုး၊ နေ့စဉ်သောက်ဆေးလို သုံးတာမျိုး လုံးဝ (လုံးဝ) မလုပ်ရပါဘူး။ ဆေးထဲမှာ ဟော်မုန်းဓာတ် အဆမတန် မြင့်မားစွာ ပါဝင်တဲ့ အတွက် ခဏခဏသောက်ရင် ဟော်မုန်းစနစ် ကမောက်ကမဖြစ်ပြီး ရာသီအလွန်အမင်း ပျက်စီးခြင်း၊ သားအိမ်သွေးဆင်းခြင်းနဲ့ ရေရှည်မှာ သန္ဓေတားရခက်ခဲခြင်း စတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
ဒါ့အပြင် ဒီဆေးတွေက ကာလသားရောဂါနဲ့ HIV ပိုး ကူးစက်မှုကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် အရေးပေါ် အခြေအနေပြီးဆုံးသွားပါက နောင်တွင် စိတ်ချရစေဖို့ နေ့စဉ်သောက်သန္ဓေတားဆေး၊ ၃ လခံ ထိုးဆေး သို့မဟုတ် ကွန်ဒုံး (Condom) စတဲ့ ပုံမှန်သန္ဓေတားနည်းလမ်းတစ်ခုခုကို စနစ်တကျ ပြောင်းလဲအသုံးပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
နောက်တစ်ပတ်မှာတော့ “သွေးကျဲဆေး” အကြောင်း သိကောင်းစရာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာကြပါစေ။