ဧရာ၀တီတိုင်းမ်
(ရေတာရှည်) ဇွန် ၁၄ ရက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် နေပြည်တော်သို့ လူနာပို့ပြီး ပြန်လာသော လူမှုကူညီရေး အသင်းကားတစ်စီးက လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား နောက်မှ ဝင်ရောက်တိုက်မိရာမှ သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် ရဲဘက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။

တောင်ငူမြို့အခြေစိုက် လူမှုကူညီရေးအသင်းကားတစ်စီးသည် ယနေ့ ဇွန်လ ၁၄ ရက် နံနက်ပိုင်းက နေပြည် တော် ခုတင် (၁၀၀၀) ဆေးရုံသို့ လူနာပို့ဆောင်ပြီးအပြန် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မောင်းနှင်လာစဉ် ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာ လမ်းမပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသားအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“တောင်ငူမြို့အခြေစိုက် Save The Trees (S.😭) လူမှုကူညီရေးအသင်းကားနဲ့ တိုက်မိတာပါ။ ကားနဲ့ တိုက်မိပြီးပြီးချင်း လူနာကို တောင်ငူဆေးရုံကို တင်ခေါ်လာခဲ့တယ်။ ဒါပေမဲ့ လမ်းမှာ ကူညီရေး အသင်းကားက ဆီပြတ်သွားလို့ နာရီဝက်လောက် လူနာတင်လျက်သားကြီး လမ်းမှာရပ်နေရသေးတယ်။ တောင်ငူဆေးရုံရောက်တဲ့အချိန်မှာတော့ လူနာက ဆုံးသွားခဲ့ပါပြီ” ဟု ကူညီပေးခဲ့သူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် လူမှုကူညီရေးအသင်းကားသည် လူနာအား ဝင်တိုက်မိပြီးနောက် နီးစပ်ရာ ရေတာရှည်ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခြင်းမပြုဘဲ ဝေးလံသည့် တောင်ငူမြို့ဆေးရုံကြီးအထိ ကျော်လွန်တင်ဆောင်လာခဲ့ခြင်း၊ လမ်းခုလတ်တွင် ဆီပြတ်တောက်ခြင်းတို့ကြောင့် အရေးပေါ် ဆေးကုသခွင့်ရမည့်အချိန် ကြန့်ကြာသွားခဲ့ရသဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု လူနာရှင်မိသားစုများနှင့် ဒေသခံအချို့က ဝေဖန်ကန့်ကွက်မှုများ ရှိကြောင်း သိရသည်။

လတ်တလောတွင် လူမှုကူညီရေးအသင်းကားဖြင့် မဆင်မခြင် မောင်းနှင်ကာ လူတိုက်မိပြီး သေဆုံး စေခဲ့သည့် ယာဉ်မောင်းဖြစ်သူအား ရွေးတုအစိုးရလက် အောက်ခံ ရေတာရှည်မြို့မရဲစခန်းတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေမှုဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း စုံစမ်း သိရသည်။

ဓာတ်ပုံ-CJ